မကွေး နိုဝင်ဘာ ၁၆

စစ်ကောင်စီရဲ့ စစ်ကြောင်းပိတ်ဆို့ထားမှုကြောင့် မကွေးတိုင်း ပွင့်ဖြူမြို့နယ်နဲ့ စေတုတ္တရာမြို့နယ်အစပ်က စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အရေးပေါ် လိုအပ်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီဘက်က နိုဝင်ဘာ ၉ ရက်ကနေ ၁၆ ရက်အထိ စစ်ကြောင်းပိတ်ဆို့ထားဆဲဖြစ်တာကြောင့် စားသောက်ကုန်နဲ့ ကုန်စည်ရရှိမှု ပြတ်တောက်လာတာဖြစ်တယ်လို့ သိရပါတယ်။

ဒေသခံတွေကတော့ လက်ရှိမှာနှစ်ရွာတစ်ရွာပေါင်းစားနေရတဲ့ အခြေအနေဖြစ်နေပြီး ဆေးဝါးတွေလည်း မကြာခင်ပြတ်တောက်တော့မယ့် အခြေအနေဖြစ်နေတယ်လို့ ပြောပါတယ်။

လမ်းတွေပိတ်ဆို့ ဖြတ်တောက်ထားမှုကြောင့် ဝယ်ယူဖို့နဲ့ သယ်ယူပို့ဆောင်ရာမှာ အကျပ်အတည်းဖြစ်နေပြီး ဖျားနာနေတဲ့လူနာအရေအတွက်လည်း များပြားနေတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ပွင့်ဖြူမြို့နယ်က လယ်မရွာ၊ ကျွဲခြံရွာ၊ ရေရင်ရွာ၊ ချောင်းဆုံရွာတွေနဲ့ စေတုတ္တရာထဲက ဝန်လို၊ ခိုနန်း၊ မုန်ညင်းကျေးရွာတွေက လူဦးရေ ၃၀၀၀ ကျော်ဟာ စစ်ကောင်စီရဲ့ စစ်ကြောင်းကြောင့် ရှောင်တိမ်းနေကြရတာပါ။

အဲဒီကျေးရွာတွေဟာ နယ်မြေချင်းထိစပ်နေတဲ့ ကျေးရွာတွေဖြစ်ပြီး ရာသီအကူးအပြောင်း ဖျားနာတာတွေအပြင် ကိုယ်ဝန်ဆောင်တွေပါရှိနေတဲ့အတွက် ဆေးဝါးလိုအပ်ချက်တွေ ရှိနေတာပါ။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်ကစလို့ စစ်ကောင်စီက အဲဒီကျေးရွာတွေကို စစ်တပ်ကလက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်နေခဲ့ပြီး နိုဝင်ဘာ ၁၃ ရက်က ကြီးဝတမံလမ်းခွဲက သုံးမိုင်ပေါက်နဲ့ ကျွဲခြံရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.