ပေါင် နိုဝင်ဘာလ ၁၇
မွန်ပြည်နယ် ပေါင်မြို့နယ် ဥတ္တံတားကျေးရွာရှိ နေအိမ် ၆ လုံးကို အကြမ်းဖက်တွေနဲ့ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက လာရောက်ချိတ်ပိတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်နေ့မှာ စစ်ကောင်စီအဖွဲ့ဝင် အင်အား ၂၀ ကျော်ဟာ ဥတ္တံတားအတွင်းရွာကို ကား ၃ စီးနဲ့ရောက်လာပြီး ဦးကျော်စွာ၊ ဦးအောင်ကျော်မိုး၊ ဒေါ်သန်းဦး၊ ဦးစိန်သောင်း၊ ဦးဖိုးပျော့၊ ဦးစဦးတို့ရဲ့ နေအိမ်တွေကို လာရောက်ချိတ်ပိတ်သွားတာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့လမှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရတဲ့ လူငယ်တွေရဲ့ မိဘနဲ့ တခြားဒေသခံတချို့ရဲ့ နေအိမ်တွေကို ချိတ်ပိတ်ခဲ့ခြင်းဖြစ်ပြီး အိမ်ရှေ့မှာ အကြမ်းဖက်နဲ့ပတ်သက်လို့ ချိတ်ပိတ်ရတဲ့အကြောင်း ရေးသားထားတဲ့ပိုစတာတွေ ချိတ်ဆွဲသွားတယ်လို့ ဒေသခံတစ်ဦးက ပြောဆိုထားပါတယ်။
အဲဒီလို ချိတ်မပိတ်ခင် နေအိမ်တွေမှာရှိနေတဲ့ မိသားစုဝင်တွေကို တစ်ပတ်အလိုကတည်းကနေအိမ်ကနေ ရွေ့ပြောင်းဖို့ ဖိအားပေးခဲ့တာတွေရှိခဲ့တယ်လို့ သိရပါတယ်။
အခုလို ချိတ်ပိတ်ပြီးနောက်ပိုင်းမှာလည်း စစ်ကောင်စီအဖွဲ့ဟာ အတွင်းရွာဘက်မှာ နှစ်ရက်သုံးရက် ခြားဆိုသလို ဝင်ထွက်သွားလာနေလို့ ဒေသခံတွေက ကြောက်လန့်နေကြရပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာ ၄ ရက်နဲ့ ၆ ရက်နေ့တွေမှာ ပေါင်မြို့နယ်၊ ဥတ္တံတားအတွင်းရွာ၊ ညောင်ကုန်းကြီး၊ သဲကုန်းကျေးရွာတွေမှာရှိတဲ့ အမျိုးသား ၈ ဦးကို PDF အဖွဲ့ဝင်တွေဆိုပြီး စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာပါ။
အဲဒီ အမျိုးသား ၈ ဦးကို စစ်ကောင်စီက စစ်ကြောရေးမှာ ဖမ်းဆီးစစ်ဆေးနေပြီး သူတို့နဲ့ဆက်စပ်တဲ့နေအိမ်တွေကို လိုက်လံချိတ်ပိတ်နေတာဖြစ်ပါတယ်။
အဲဒီအမျိုးသား ၈ ဦးဟာ လက်ရှိမှာ အသက်ရှင်လျက်ရှိ၊ မရှိနဲ့ အမှုဖွင့်ခံထားရမှု ရှိ၊ မရှိကို မိသားစုဝင်တွေက ဘာမှ မသိရသေးဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၁၉ ရက်နေ့မှာလည်း ဥတ္တံတားအပြင်ရွာ၊ ရပ်ကွက် ၆ ရှိ နေအိမ်တစ်ခုမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာကနေ နေအိမ်ပျက်စီးကာ အိမ်အတွင်းရှိ မိုင်းနဲ့ဆက်စပ်ပစ္စည်းတွေကို စစ်ကောင်စီဘက်ကသိမ်းဆည်းသွားပြီး နေအိမ်ကိုလည်း ချိတ်ပိတ်သွားခဲ့ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါင်မြို့နယ်အတွင်းမှာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူးရဲ့ နေအိမ်အပါအဝင် နေအိမ် ၃၀ ထက်မနည်းချိတ်ပိတ်ခံထားရတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ