လီမား နိုဝင်ဘာ ၁၆
တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ နှစ်နှစ်အတွင်း ပထမဆုံး တွေ့ဆုံခဲ့တဲ့ တောင်ကိုရီးယားသမ္မတ ယွန်ဆွတ်ယိုလ်က ဒေသဆိုင်ရာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ပတ်သက်လို့ ဘေဂျင်းအစိုးရနဲ့ ပိုမို ပူးပေါင်းဆောင်ရွက်ဖို့ နိုဝင်ဘာ ၁၅ ရက်မှာ တိုက်တွန်းခဲ့ကြောင်း Yonhap သတင်းဌာနက ဖော်ပြပါတယ်။
တရုတ်ဟာ တောင်ကိုရီးယားနဲ့ စစ်ဖြစ်နေဆဲ မြောက်ကိုရီးယားရဲ့ အဓိက မဟာမိတ် ဖြစ်တဲ့အပြင် လက်ရှိမှာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်က တောင်ကိုရီးယားကို ခြိမ်းခြောက် ပြောဆိုမှုတွေ ပြုလုပ်ထားပါတယ်။
မြောက်ကိုရီးယားရဲ့ အကြိမ်ကြိမ် ရန်စမှုတွေ၊ ယူကရိန်း စစ်ပွဲ၊ ရုရှားနဲ့ မြောက်ကိုရီးယားတို့ကြား စစ်ရေးအရ ပူးပေါင်းမှုတို့ကို တုံ့ပြန်တဲ့ အနေနဲ့ မိမိတို့ နှစ်နိုင်ငံဟာ ဒေသတွင်း တည်ငြိမ်မှုနဲ့ ငြိမ်းချမ်းမှု ပိုမို အားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက်မယ်လို့ မိမိ အနေနဲ့ မျှော်လင့်ကြောင်း သမ္မတ ယွန်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး သတင်းမှာ ဖော်ပြပါတယ်။
နှစ်နိုင်ငံ ခေါင်းဆောင် နှစ်ဦးဟာ ပီရူးနိုင်ငံမှာ ကျင်းပတဲ့ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး (APEC) ညီလာခံ ပြင်ပမှာ ရှားရှားပါးပါး တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီ ညီလာခံသို့ ကမ္ဘာကြီးရဲ့ ကုန်ထုတ်လုပ်မှု ၆၀ ရာခိုင်နှုန်းကို ကိုယ်စားပြုတဲ့ နိုင်ငံပေါင်း ၂၁ နိုင်ငံ တက်ရောက်ခဲ့ကြပါတယ်။
ယူကရိန်းမှာ ရုရှားတပ်တွေနဲ့ အတူ တိုက်ခိုက်ဖို့ မြောက်ကိုရီးယားက စစ်သားတွေ စေလွှတ်ထားတာ အပါအဝင် မော်စကိုနဲ့ ပြုံးယမ်းကြား စစ်ရေးအရ ပူးပေါင်းမှု ပိုများလာနေတာနဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင်း တောင်ကိုရီးယားအစိုးရက အကြိမ်ကြိမ် ပြောဆိုထားပါတယ်။
ခေါင်းဆောင် နှစ်ဦး တွေ့ဆုံမှုနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံပိုင် မီဒီယာရဲ့ ဖော်ပြချက်မှာ ရုရှားနဲ့ မြောက်ကိုရီးယား အကြောင်း ဖော်ပြထားတာ မတွေ့ရပါဘူး။
တရုတ်နဲ့ တောင်ကိုရီးယားတို့ကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး သမ္မတ ရှီကျင့်ဖျင်က တိုက်တွန်း ပြောကြားခဲ့ကြောင်း နိုင်ငံပိုင် ဆင်ဟွာ သတင်းက ဖော်ပြပါတယ်။
ကိုရီးယား ကျွန်းဆွယ်မှာ တင်းမာမှု လျှော့ချရေး နိုင်ငံရေးအရ ဖြေရှင်းဖို့ တရုတ်က အရင်ကလည်း တိုက်တွန်းခဲ့ဖူးပြီး မြောက်ကိုရီးယားက တောင်ကိုရီးယားကို အဓိက ရန်သူနိုင်ငံ အဖြစ် သတ်မှတ်လိုက်ပြီး နောက်မှာလည်း အဲဒီလိုပဲ ထပ်ပြီး တိုက်တွန်းထားပါတယ်။
တောင်ကိုရီးယားနဲ့ တရုတ်ရဲ့ ဆက်ဆံရေးမှာလည်း အခက်အခဲအချို့ ရှိနေပြီး လျှို့ဝှက်ထောက်လှမ်းမှုစွဲချက်နဲ့ တောင်ကိုရီးယားနိုင်ငံသား တစ်ဦးကို တရုတ်က ပြီးခဲ့တဲ့လမှာ ဖမ်းဆီးခဲ့ပါတယ်။
Ref:AFP