ဘေဂျင်း၊ နိုဝင်ဘာ ၁၆

ထိုင်ဝမ်သမ္မတ ဝီလီယံ လိုင်ချင်းတီရဲ့ ပစိဖိတ်ကျွန်းစု ခရီးစဉ် မတိုင်ခင် တရုတ်က သူ့ကို အမေရိကန်နိုင်ငံကတစ်ဆင့် ဖြတ်သန်း သွားလာခွင့် မပြုရေး တောင်းဆိုလိုက်ပါတယ်။

လက်ရှိ ထိုင်ဝမ် သမ္မတ လိုင် မတိုင်ခင် သမ္မတဟောင်း ဆိုင်အန်ဝမ်ဟာ လာမယ့် သီတင်းပတ်မှာ ကနေဒါသို့ သွားရောက်ဖို့ စီစဉ်ထားတာကြောင့် ကနေဒါအစိုးရအနေနဲ့လည်း တရုတ် တစ်ပြည်ထောင်တည်း မူဝါဒကို လေးစားဖို့ ဘေဂျင်းက တောင်းဆိုပြီးနောက် အခုလို တိုက်တွန်းချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

သမ္မတ လိုင်ဟာ ထိုင်ဝမ်ရဲ့ ပစိဖိတ်ရှိ သံတမန်ရေး မဟာမိတ်တွေဆီ လာမယ့် သီတင်းပတ်အတွင်း သွားရောက်မှာ ဖြစ်ကြောင်း ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။

သူဟာ အမေရိကန် စစ်ဖက်ဆိုင်ရာ အခြေစိုက်စခန်းတွေရှိတဲ့ ဂူအမ်နဲ့ ဟာဝိုင်အီသို့လည်း ဝင်ရောက်ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

ထိုင်ဝမ် အာဏာပိုင်တွေဟာ နိုင်ငံရေးကိစ္စတွေကို လူအများ သိစေဖို့ အဲဒီလို သံတမန် ဆက်ဆံရေးတွေကို အသုံးချနေကြတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ လင်ကျန်းက နိုဝင်ဘာ ၁၅ ရက် မှာ ပြောဆိုထားပါတယ်။

ဒီလုပ်ရပ်တွေဟာ အသုံးဝင်မှာ မဟုတ်ဘဲ ကမ္ဘာမှာ တရုတ် တစ်နိုင်ငံတည်း ရှိတယ်ဆိုတဲ့ အမြင်ကို ပြောင်းလဲသွားစေမှာ မဟုတ်ဘူးလို့ ဘေဂျင်းက ပြောပါတယ်။

ဒီမိုကရေစီစနစ်နဲ့ ကိုယ်ပိုင်အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ဟာ သူတို့ပိုင်ဆိုင်တဲ့ ဒေသ ဖြစ်တယ်လို့ ပြောထားပြီး သူတို့ရဲ့ အုပ်ချုပ်မှု အောက်ထားရှိရေး လိုအပ်ရင် အင်အားသုံးသွားမှာ ဖြစ်ကြောင်း တရုတ်ဘက်က ပြောဆို ထားပါတယ်။

ထိုင်ဝမ်ရဲ့ လွတ်လပ်ရေး ရည်မှန်းချက်ကို ကြိုတင် တားဆီးတဲ့အနေနဲ့ တရုတ်က ထိုင်ဝမ်ကျွန်းအနီး လက်တွေ့ ပစ်ခတ်တဲ့ စစ်ရေး လေ့ကျင့်မှုတွေ အကြိမ်ကြိမ် ပြုလုပ်နေပါတယ်။

ထိုင်ဝမ်မှာ ပစိဖိတ်နိုင်ငံတွေ အပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံနဲ့ တရားဝင် ဆက်ဆံရေး ရှိနေပြီး နိုင်ငံတကာ စင်မြင့်ထက်မှာ ထိုင်ဝမ် မပါဝင်နိုင်ရေး တရုတ်က လိုက်လံ တားဆီးနေပါတယ်။

ထိုင်ဝမ်က ဖြစ်လာနိုင်ခြေရှိတဲ့ တရုတ်ရဲ့ ကျူးကျော်မှုကို ပြန်လည် တိုက်ထုတ်ရေး စစ်အင်အား တိုးမြှင့်နေပြီး အမေရိကန်က ထိုင်ဝမ်ကို လက်နက်တွေ အဓိက ရောင်းချပေးနေပါတယ်။

လက်ရှိ ထိုင်ဝမ်သမ္မတ လိုင်ကို ဘေဂျင်းက ခွဲထွက်ရေးသမားလို့ သတ်မှတ်ထားပြီး ထိုင်ဝမ်နဲ့ အဆက်အဆံ မလုပ်ကြဖို့ တခြားနိုင်ငံတွေကို လိုက်လံ တားဆီးနေပါတယ်။

Ref:SouthChinaMorningPost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.