ကျိုက်မရော ၊ နိုဝင်ဘာ ၁၇

ကထိန်ရာသီအလွန်မှာ ဂျိုင်းမြစ်ဝှမ်းဒေသအတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တို့ကြား ထိတွေ့တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာမှာကို စိုးရိမ်နေကြတယ်လို့ ဒေသခံပြည်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ကော့ဘိန်းနယ်မြေရဲစခန်းသိမ်းတိုက်ပွဲကြောင့် စစ်ရေးပြင်းထန်ခဲ့တဲ့ မွန်နဲ့ကရင်အစပ် ဂျိုင်းမြစ်ဝှမ်းဒေသက ကော့ဘိန်း၊ ဓမ္မသနဲ့ တရနာစတဲ့ ကျေးရွာတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒီကနေ့အထိ ကင်းစခန်းချထားတာပါ။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လက်ရှိအချိန်အထိ တိမ်းရှောင်နေကြတဲ့ အရပ်သားတွေရဲ့ နေအိမ်တွေမှာ ဝင်ရောက်တပ်စွဲပြီး နေထိုင်နေကြတဲ့အပြင် ရွာဘုန်းကြီးကျောင်းတွေ၊ ဘုရားစေတီဝန်း ကျင်တွေနဲ့ တောင်ပေါ် တွေမှာလည်း အလားတူ တပ်စွဲနေထိုင်ကြတယ်လို့ သိရပါတယ်။

ညဘက်တွေမှာလည်း ကျေးရွာထဲ တစ်ဖွဲ့ကို အင်အား ၂၀ ကနေ ၃၀ ဝန်းကျင်အသုံးပြုပြီး ကင်းလှည့်တာတွေရှိသလို ရွာအပြင်ဘက်ကိုလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ လှမ်းပစ်နေတယ်လို့ ရွာသားတွေက ပြောပြကြပါတယ်။

ဒီအခြေအနေတွေအပါအဝင် လက်ရှိမှာလည်း ကထိန်ခင်းရာသီကုန်လွန်သွားတဲ့ ကာလဖြစ်တဲ့အ တွက် တိုက်ပွဲပြန်လည်ဖြစ်ပွားမှာကို ပြည်သူတွေ စိုးရိမ်နေကြတယ်လို့ ဂျိုင်းမြစ်ဒေသခံတစ်ဦးက ပြောပါတယ်။

“စိုးရိမ်မှုရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကထိန်ပွဲနဲ့နီးနေလို့ သူတို့ဘာလှုပ်ရှားမှုမှ မရှိခဲ့ဘူးဆိုပေမယ့် အခုကထိန်ပွဲရာသီပြီးပြီဆိုရင် စစ်ပွဲဖြစ်မှာကြောက်လို့ ပြည်သူတွေ ရွာသားတွေ သူတို့မှာ ကြောက်နေကြတာပေါ့” လို့ သူက ဆိုပါတယ်။

လောလောဆယ်မှာ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေဘက်က ဝင်ရောက်လှုပ်ရှားတာ မရှိပေမယ့် စစ်ကောင်စီဘက်ကတော့ ဂျိုင်းမြစ်ဝှမ်းအတွင်း အင်အားအလုံးအရင်းနဲ့ တပ်စခန်းချထားတဲ့အ တွက် ဒေသနေပြည်သူတွေ ရတက်မအေး ဖြစ်နေကြတာပါ။

ပြီးခဲ့တဲ့ အောက်တိုဘာမှာလည်း ဂျိုင်းမြစ်ဝှမ်းဒေသမှာသန်းခေါင်စာရင်း ကောက်ယူနေတဲ့အတော အတွင်း စစ်ကောင်စီက ညအချိန် သူတို့စခန်းချထားတဲ့ ကျေးရွာထဲကနေ ရွာအပြင်ဘက်ကို လှမ်းပစ်သလို စစ်သ‌င်္ဘောကနေလည်း ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့သေးတာပါ။

တစ်ဘက်မှာ ဂျိုင်းမြစ်ဝှမ်းဒေသရှိ စစ်ရှောင်ပြည်သူတွေ နေရပ်ပြန်နေနိုင်ရေးအတွက် စစ်ကောင်စီဘက်က ကူညီထောက်ပံ့မှုတချို့ လုပ်ဆောင်နေပေမယ့် ဓမ္မသကျေးရွာနေ ပြည်သူအများစုကတော့ နေရပ် ပြန်မလာနိုင်သေးဘူးလို့ ဒေသခံတွေကနေ သိရပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၄ ရက်နေ့ကစတင်ခဲ့တဲ့ ဂျိုင်းမြစ်ဝှမ်းတိုက်ပွဲဟာ မွန်ဒေသတွင်းကြုံတွေ့ခံစားခဲ့ရတဲ့ စစ်ဒဏ်တွေထဲမှာ အပြင်းထန်ဆုံးဖြစ်တာကြောင့် အိမ်ခြေ ၄၀၀ ကျော် မီးလောင်ပျက်စီးခဲ့ရကာ အ ရပ်သားပြည်သူ ငါးသောင်းနီးပါး စစ်ဘေးသင့်ခဲ့ရပါတယ်။

စစ်ကောင်စီတပ်က ကော့ဘိန်းနဲ့ ဓမ္မသကျေးရွာကို အခုနှစ် ဧပြီနောက်ဆုံးပတ်မှာ နယ်မြေရှင်း လင်းရေးခေါင်းစဉ်နဲ့ ပြန်လည်ထိန်းချုပ်ထားနိုင်ခဲ့တဲ့အတွက် စစ်ဘေးသင့်ပြည်သူတွေ နေရပ်ပြန် လာဖို့ တိုက်တွန်းနေတာပါ။

ဒါပေမယ့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကျေးရွာထဲ ဒီကနေ့အထိ ဆက်ရှိနေသေးတဲ့အပြင် တိုက်ပွဲအတွင်း စစ်လက်နက်အကြွင်း အကျန်ပစ္စည်းတွေ မရှင်းလင်းရတာကြောင့် နေရပ်ပြန်မလာရဲသေးတဲ့ ပြည်သူတွေကတော့ ဘေးလွတ်ရာ တိမ်းရှောင်နေကြဆဲ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.