မော်လမြိုင် ၊ နိုဝင်ဘာ ၁၅
စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ အခုနှစ် အောက်တိုဘာလအထိ နိုင်ငံတဝန်းမှာ သတင်းသမား ၂၁၅ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ လွတ်လပ်စွာထုတ်ဖော်ပြောခွင့်အရေး လှုပ်ရှားနေတဲ့ အသံအဖွဲ့က နိုဝင်ဘာ ၁၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အသံအဖွဲ့ရဲ့ စာရင်းတွေအရ ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသား ၁၈၉ ဦးနဲ့ အမျိုးသမီး ၂၆ ဦး၊ ထိန်းသိမ်းခံရသူ အမျိုးသား ၄၉ ဦးနဲ့ အမျိုးသမီး ၅ ဦး၊ ပြန်လည်လွတ်မြောက်လာသူ အမျိုးသားအမျိုးသမီး ၁၅၅ ဦး ရှိပါတယ်။
ဒါ့အပြင် စစ်ကောင်စီလက်ချက်ကြောင့် အမျိုးသား ၁၁ ဦး သေဆုံးခဲ့ရပြီး ဖမ်းဝရမ်းထုတ်ခံထားရသူ အမျိုးသားအမျိုးသမီး ၅၆ ဦးလည်း ပါဝင်ပါတယ်။
အာဏာသိမ်းမှုအတွင်း စစ်ကောင်စီက အင်တာနက်နဲ့ ဆက်သွယ်ရေးလိုင်းတွေကို ဖြတ်တောက်ပိတ်ဆို့တာ၊ သတင်းရယူနေတဲ့ သတင်းသမားတွေကို ဖမ်းဆီးကာ ထိခိုက်အနာတရဖြစ်စေမှုနဲ့ သတင်းမီဒီယာအခွင့်အရေးကို ချိုးဖောက်ဖိနှိပ်နေတာလို့ ဆိုပါတယ်။
အသံအဖွဲ့ရဲ့ အချက်အလက်တွေအရ ရှမ်းမြောက်မှာ သတင်းထောက်နှစ်ဦး သတင်းလိုက်ရင်း လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရတာနဲ့ မွန်ပြည်နယ်က သံလွင်တိုင်းမ်သတင်းဌာနရဲ့ အယ်ဒီတာချုပ် ဦးကိုကိုဇော် နေအိမ်ကို စစ်တပ်က ချိပ်ပိတ်ခဲ့ပါတယ်။
တစ်ဘက်မှာ ကချင်ပြည်နယ်၊ ဖားကန့်အခြေစိုက်သတင်းသမားနှစ်ဦးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က စက်တင်ဘာနှောင်ပိုင်းမှာ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် တစ်လနီးပါးအကြာမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အခုလုပ်ရပ်ဟာ သတင်းလွတ်လပ်ခွင့်ကို တိုက်ရိုက်ချိုးဖောက်တဲ့ သဘောကို ဆောင်ကျဉ်းနေပြီး ဖက်ဒရယ် ဒီမိုကရေစီရဲ့ တန်ဖိုးနဲ့အနှစ်သာရထဲကတခုဖြစ်တဲ့သတင်းမီဒီယာလွတ်လပ်ခွင့်ကို အကာအကွယ်ပေးရမှာဖြစ်တယ်လို့ အသံအဖွဲ့က ထောက်ပြထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media