ဆိုးလ်၊ နိုဝင်ဘာ ၁၅
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်က အသေခံဒရုန်း စမ်းသပ်မှု တစ်ခုကို ဦးဆောင်ပြုလုပ်ခဲ့ပြီး အစုလိုက်အပြုံလိုက် ထုတ်လုပ်ဖို့ ညွှန်ကြားခဲ့ကြောင်း နိုင်ငံပိုင် သတင်းဌာနက နိုဝင်ဘာ ၁၅ ရက်မှာ ဖော်ပြခဲ့ပါတယ်။
ဝေဟင်ထဲက လက်နက်တွေ ဖြစ်တဲ့ အဲဒီလို ဒရုန်းတွေကို ကမ္ဘာတဝန်းမှာ မိတ်ဆက်လိုက်ရင် စစ်ရေးသီအိုရီကို ခေတ်နဲ့ ညီအောင် လုပ်ဆောင်ဖို့ အရေးတကြီး လိုအပ်လာလိမ့်မယ်လို့လည်း ခေါင်းဆောင် ကင်က ပြောပါတယ်။
ရုရှားနဲ့ စစ်ရေးအရ ပူးပေါင်း ထုတ်လုပ်မှုတွေ အလျင်အမြန် ပြုလုပ်နေချိန် အခုနှစ် နှစ်ဆန်းပိုင်းက အသေခံဒရုန်း စမ်းသပ်မှုကို ကင်ဂျုံအန် ကြီးကြပ်ခဲ့ပြီးနောက် အဲဒီလို ဒရုန်းတွေ တီထွင်ရေး မော်စကိုဆီက နည်းပညာ အကူအညီ ရရှိနေသလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
ရန်သူ့တည်နေရာတွေအား အသေခံ တိုက်ခိုက်တဲ့ ဒရုန်းတွေကို ယူကရိန်းစစ်ပွဲ အပြင် အရှေ့အလယ်ပိုင်းမှာလည်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြပါတယ်။
စစ်ရေးအတွက် ဒရုန်းတွေ အသုံးပြုနိုင်ဖို့ ပြိုင်ဆိုင်မှုတွေ ကမ္ဘာတဝန်းမှာ အရှိန်မြင့်တက်လာနေပြီး စစ်ပွဲတွေမှာ အသုံးပြုရတာ အောင်မြင်မှု ရှိတယ်ဆိုတာကို စစ်ဖက်ဆိုင်ရာ အရာရှိတွေ အသိအမှတ်ပြုရဖွယ် ရှိတယ်လို့ ကင်ဂျုံအန်က ပြောကြားခဲ့ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင် KCNA သတင်းမှာ ဖော်ပြပါတယ်။
မြောက်ကိုရီးယားက နယ်စပ်ကို ကျော်ပြီး မြို့တော် ဆိုးလ်ရှိ သမ္မတ နန်းတော်အပါအဝင် တောင်ကိုရီးယားမှာရှိတဲ့ အရေးကြီး နေရာတွေ အပေါ်မှာ နာရီပေါင်းများစွာ ပျံသန်းခဲ့ပါတယ်။
ဒီလုပ်ရပ်ကြောင့် တောင်ကိုရီးယားက မြောက်ကိုရီးယား ဒရုန်းတွေကို ပစ်ချဖို့ လက်နက်တွေ ချထားခဲ့ရပါတယ်။
မြောက်ကိုရီးယားနဲ့ ရုရှားကြား ကာကွယ်ရေးဆိုင်ရာ သဘောတူညီမှု တစ်ရပ် လက်မှတ် ရေးထိုးထားပြီး ယူကရိန်းမှာ ရုရှားစစ်တပ်နဲ့ အတူ တိုက်ပွဲဝင်ရေး တပ်ဖွဲ့ဝင် ထောင်ချီ စေလွှတ်ထားပါတယ်။
မြောက်ကိုရီးယားရဲ့ ဒီလို ကူညီမှုကြောင့် အပြန်အလှန်အနေနဲ့ ရုရှားက ပြုံယမ်းအတွက် စစ်ရေးနည်းပညာ အကူအညီပေးနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်နေပါတယ်။
မြောက်ကိုရီးယား စစ်တပ်အနေနဲ့ အသေခံ ဒရုန်းတွေ အဆက်မပြတ် ထုတ်လုပ်ဖို့ လိုအပ်ပြီး တတ်နိုင်သမျှ အစောဆုံး အစုလိုက်အပြုံလိုက် ထုတ်လုပ်ရေး ကင်ဂျုံအန်က ညွှန်ကြားထားကြောင်း KCNA သတင်းကဖော်ပြထားပါတယ်။
Ref:Reuters