မော်လမြိုင် ၊ နိုဝင်ဘာ ၁၅

ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဖက်ဒရယ်စနစ်ဆိုင်ရာကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး အားလုံးပါဝင်တဲ့ တွေ့ ဆုံဆွေးနွေးမှုဖြစ်ရေး ကြိုးပမ်းသွားမယ်လို့ အပစ်ရပ်မဟာမိတ်အဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ အကျပ်အတည်းတွေကို ကျော်လွှားနိုင်တဲ့ စုဖွဲ့ပါဝင်မှုတွေရှိဖို့ တစ်ဆင့်ချင်း တစ်ဆင့်ချင်း ကြိုးပမ်းဆောင်ရွက်သွားဖို့ စဉ်းစားချက်တွေရှိတယ်လို့ သူကဆိုပါတယ်။

“လက်ရှိ ကျွန်တော်တို့နိုင်ငံရဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်တဲ့ ဖြစ်စဉ်မှာ မပါမဖြစ် ပါသင့်ပါထိုက်တဲ့ အစုအဖွဲ့တွေ လူပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေကတော့ ကျန်တဲ့စီးရီးတွေမှာပါဝင်မှု ပိုမိုများပြားလာအောင် ပိုမိုကျယ်ပြန့်လာအောင် ကျွန်တော်တို့ ဆက်လက်ကြိုးပမ်းဆောင်ရွက်ဖို့ ရှိတယ်လို့ နားလည်ရပါတယ် ခင်ဗျ”လို့ ဆိုပါတယ်။

အိန္ဒိယနိုင်ငံမှာ ကျင်းပခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပ‌ဒေနဲ့ ဖက်ဒရယ်စနစ်ဆိုင်ရာ ဆွေးနွေးရေးလုပ်ငန်း စဉ်မှာ စီးရီး ၂ ခုစာသာ ပြီးသွားတဲ့အတွက် ကျန်တဲ့ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ဆွေးနွေးမယ့် လျာ ထားချက် ၆ ခုလောက်ကိုလည်း ဆက်လုပ်သွားမယ်လို့ သူက ပြောပါတယ်။

နိုဝင်ဘာ ၅ ရက်နဲ့ ၆ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပ‌ဒေနဲ့ ဖက်ဒရယ်စနစ်ဆိုင်ရာ ဆွေး နွေးပွဲကို အိန္ဒိယရဲ့ကမ္ဘာ့ရေးရာကောင်စီ ICWA ပံ့ပိုးကူညီမှုနဲ့ အပစ်ရပ်ထိုး တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်း ၆ ဖွဲ့က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြတာပါ။

အလားတူ ရွေး‌ကောက်ပွဲကော်မရှင်က မှတ်ပုံတင်ချပေးထားတဲ့ နိုင်ငံရေးပါတီ ၁၁ ပါတီ၊ အမျိုး သားစည်းလုံး ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ညှိနှိုင်းရေးကော်မတီ NSPNC နဲ့ ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်က ကိုယ်စားလှယ်တွေလည်း ပါဝင်ပါတယ်။

သံလွင်တိုင်မ်းအနေနဲ့ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲအလွန်မှာ ဖက်ဒရယ်ဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ရေးဆွဲရေးနဲ့ပတ်သက်ပြီး အိန္ဒိယအနေနဲ့ ပံ့ပိုးပေးဖို့ ရှိမရှိ မေးမြန်းရာမှာတော့ တတ်နိုင်တဲ့ဘက်က ကူညီပံ့ပိုးမှုတွေ လုပ်ပေးဖို့ ရှိတယ်လို့ ဗိုလ်မှူးကြီးစောကျော်ညွန့်က ပြောပါတယ်။

“အိန္ဒိယနိုင်ငံအနေနဲ့ ဖက်ဒရယ်စနစ်ကို ကျင့်သုံးတဲ့နိုင်ငံဖြစ်တယ်။ ကျွန်တော်တို့အနေနဲ့ ဖက်ဒရယ်နဲ့ ဒီမိုကရေစီစနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကို သွားဖို့အတူတကွ ကြိုးပမ်းနေတဲ့အချိန်မှာ အိန္ဒိ ယနိုင်ငံအနေနဲ့ ကူညီပံ့ပိုးမှုတွေက ရှိနေမယ်ဆိုတာကိုတော့ အဲဒီလိုတွေ့ရှိရပါတယ်။ သို့သော် လည်းပဲ အိမ်နီးချင်းနိုင်ငံတွေရဲ့ ကူညီပံ့ပိုးမှုဟာ ကျွန်တော်တို့နိုင်ငံရဲ့ ပကတိရှိနေတဲ့အခင်းအကျင်းနဲ့ လိုက်လျောညီထွေမှု ဖြစ်အောင်ဆိုတာလည်းပဲ ကျွန်တော်တို့ အလေးထားပြီးတော့ စဉ်းစားဆောင် ရွက်ရမယ့် အချက်တစ်ချက်ဖြစ်ပါတယ်”လို့ ဆိုပါတယ်။

၂၀၂၅ ခုနှစ်မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ စစ်ခေါင်းဆောင်က အခုနှစ်လယ်ပိုင်းမှာ ထုတ်ပြောပြီးနောက်ပိုင်း အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယတို့က မြန်မာ့အရေးမှာ ပါဝင်နေကြတဲ့ အင် အားစုတွေကို အပြိုင်အဆိုင် ချဉ်းကပ်လာကြတာ ဖြစ်ပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က အိန္ဒိယအနေနဲ့ မြန်မာ့ပြဿနာအပေါ် ကြားနေတဲ့ သ ဘောမျိုးဖြစ်တဲ့အတွက် ကြားနေလှုပ်ရှားတွေကိုသာ လုပ်ဆောင်နိုင်ပေမယ့် အဆုံးအဖြတ်ပေးတဲ့ နေရာကနေ ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ သုံးသပ်ပါတယ်။

“မြန်မာပြည်ထဲမှာဖြစ်နေတဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီးတော့ စစ်ကောင်စီကိုလည်း သူက (အိန္ဒိ ယ ) ဆက်ဆံတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကိုလည်း သူက ဆက်သွယ်မေး မြန်းတယ်။ ဆိုလိုတာက ကြားနေတာပေါ့ဗျာ။ အဲဒီတော့ အခုကလည်း ကြားနေတဲ့သဘောမှာ ပ ထမအဆင့်အနေနဲ့ စစ်ကောင်စီလိုလားတဲ့ နိုင်ငံရေးအုပ်စုတွေကို အိန္ဒိယရဲ့ ဖက်ဒရယ်အတွေ့အကြုံနဲ့ ပတ်သက်ပြီး မိတ်ဆက်ပေးတဲ့ သဘောပါ။ အလားတူ နောက်တစ်ဆင့်မှာကတော့ (စစ်ကောင်စီကို တော်လှန်နေတဲ့) တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အ စည်းတွေ NUG တို့ကို ခေါ်ယူပြီးတော့ ဒီလိုမျိုး ဆွေးနွေးပွဲတွေ လုပ်မှာပါ။ ဆိုလိုတာက ကြားနေလှုပ်ရှားမှုသာဖြစ်ပြီး ဘာမှအဆုံးအဖြတ်ပေးတဲ့နေရာကနေပြီး ပါဝင်လှုပ်ရှားနိုင်မှာ မဟုတ်ဘူးလို့ သုံးသပ်ပါတယ်ခင်ဗျ”လို့ ဆိုပါတယ်။

ဗိုလ်မှူးကြီး စောကျော်ညွန့်ကတော့ အိန္ဒိယခရီးစဉ်အတွင်း သူတို့နိုင်ငံမှာ ကျင့်သုံးနေတဲ့ ဖက်ဒရယ်ဆိုင်ရာ အုပ်ချုပ်‌ရေးစနစ်တွေ၊ အာဏာခွဲဝေမှုနဲ့ ဘဏ္ဍာရေးခွဲဝေမှုတွေအပါအဝင် ဖက်ဒရယ်ပြည် ထောင်စုဖွဲ့စည်းတဲ့ ကိစ္စရပ်တွေကိုလည်း လေ့လာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီစနစ်အတွေ့အကြုံတွေကို အခြေခံပြီး လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်တည်နေတဲ့ ပုံမှန်အနေအထားမဟုတ်တဲ့ နိုင်ငံရေးအခင်းအကျင်းအရ အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ နိုင် ငံရေးပါတီတွေကြား တွေ့ဆုံဆွေးနွေးရေးတွေ အများကြီးလုပ်ရမယ်လို့ ပြောထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.