ဖာပွန်၊ နိုဝင်ဘာ ၁၅

ကရင်ပြည်နယ် ဖာပွန်မြို့တောင်ဘက်ခြမ်းရှိ ဖာပွန်-ကမမောင်း ကားလမ်းပေါ်က စစ်ကောင်စီတပ်ရဲ့ မထော တပ်စခန်းကို KNLA တပ်မဟာ ၅ ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ စတင်တိုက်ခိုက်နေပြီလို့ KNU တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီးစောကလယ်ဒိုက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ မထောတပ်စခန်းဟာ ဖာပွန်မြို့တောင်ဘက် ၁၀ မိုင်ခန့်အကွာ ဖာပွန်-ကတိုင်တိ-ကမမောင်း ကားလမ်းမကြီးပေါ်မှာရှိပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ တော်လှန်ရေးပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်သိမ်းယူလိုက်တဲ့ ကူးဆိပ်စခန်းအနီး ၁ မိုင်ခန့်အကွာမှာ တည်ရှိတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့က ကူးဆိပ်စခန်းကို KNLA တပ်မဟာ ၅ တော်လှန်ရေးပူးပေါင်းအဖွဲ့က အပြီးသတ်ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့ပြီး စခန်းသိမ်းတိုက်ပွဲထဲမှာ စစ်ကောင်စီတပ်ဖွဲ့တွေဟာ မထောစခန်းဘက်ကို ပြန်လည်ဆုတ်ခွာထွက်ပြေးသွားတာတွေလည်း ရှိနေတာပါ။

ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စုပေါင်းထားတဲ့ မထောတပ်စခန်းမှာ အင်အား ၇၀ ဝန်းကျင်ရှိ နိုင်ပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကို စတင်လုပ်ဆောင်နေပြီလို့ ဗိုလ်မှူးကြီးစောကလယ်ဒိုက အတည်ပြုပြောဆိုပါတယ်။

မထောစခန်းမှာ ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ KNLA တပ်မဟာ ၅ တော်လှန်ရေးပူးပေါင်းအဖွဲ့တို့ အကြား တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့လည်း ဒေသတွင်းသတင်းရင်းမြစ်တွေကနေ သိရပါတယ်။

ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေထဲမှာ ပြီးခဲ့တဲ့အောက်တိုဘာလကုန်ကစပြီး စစ်ကောင်စီတပ်ရဲ့ စခန်းတွေ တစ်ခုပြီးတစ်ခု တိုက်ခိုက်သိမ်းပိုက်ခံနေပြီး နှစ်ပတ်နီးပါးကာလအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ ခေါပုတ်စခန်းနဲ့ ကူးဆိပ်စခန်းတို့ကို တပ်မဟာ ၅ ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ။

ဒါ့အပြင် ဖာပွန်စစ်ဗျူဟာကိုလည်း ဆက်လက်ဝိုင်းရံပိတ်ဆို့ထားနေပြီး ဖာပွန်ခရိုင်အတွင်းရှိ စစ်ကောင်စီတပ်ရဲ့ အခြားစခန်းတွေကိုလည်း ရိက္ခာလမ်းကြောင်းတွေ အဝင်အထွက်လမ်းကြောင်းတွေကို ဖြတ်တောက်ပိတ်ဆို့ထားသလို ခရိုင်တစ်ခုလုံးမှာ ဖာပွန်ဗျူဟာအပါအဝင် စစ်ကောင်စီတပ်စခန်း ၁၀ ခု ဝန်းကျင်သာ ကျန်ရှိတော့တာပါ။

ဖာပွန်စစ်ဗျူဟာထဲမှာတော့ စစ်ကောင်စီတပ်က သူတို့ရဲ့ မိသားစုဝင်တွေကို အပြင်ကိုထွက်ခွင့်မပေးဘဲ လူသားဒိုင်းသဖွယ် အသုံးပြုနေတယ်လို့လည်း ဗိုလ်မှူးကြီးစောကလယ်ဒိုက ဆိုထားပါတယ်။

စစ်ကောင်စီတပ်က ဖာပွန်မှာရှိတဲ့ သူတို့ရဲ့ စစ်ဗျူဟာအပါအဝင် တပ်စခန်းတွေဆီ တပ်အင်အား လက်နက်ခဲယမ်း ရိက္ခာပစ္စည်းတွေကို မြေပြင်ကနေတစ်ဆင့် မပို့ဆောင်နိုင်တော့တဲ့အတွက် လေ ကြောင်းကနေသာ အားကိုးအသုံးပြုနေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

ပုံစာ- မထောတပ်စခန်းနဲ့ တစ်မိုင်ခန့်အကွာမှာရှိတဲ့ ကူးဆိပ်တပ်စခန်းအားတွေ့ရစဉ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.