ဆာမွတ်ဆာခွန်၊ နိုဝင်ဘာ ၁၅

ထိုင်းနိုင်ငံ ဆာမွတ်ဆာခွန်မြို့မှာ အလုပ်လုပ်တဲ့ မြန်မာနိုင်ငံသား နှစ်ဦးကို နိုဝင်ဘာ ၁၄ ရက် နံနက်ပိုင်းက ရတ်ချာဘူရီ ပြည်နယ် ဆွန်ဖွန်ဒေသမှာ သေနတ် ဒဏ်ရာတွေနဲ့ သေဆုံးလျက် တွေ့ရှိခဲ့ပါတယ်။

အခင်းဖြစ်ပွားရာ နေရာသို့ ရဲတပ်ဖွဲ့၊ ဆရာဝန်နဲ့ ကယ်ဆယ်ရေး လုပ်သားတွေ ရောက်ရှိသွားချိန်မှာ အလောင်း နှစ်လောင်းကို ဖုန်ဆွန်ခို့ ရွာဆီ သွားတဲ့ ကျောက်ခင်းလမ်းပေါ်မှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အဲဒီသတင်းကို ဆွန်ဖွန် ရဲစခန်းက မနက် ၄ နာရီခွဲမှာ လက်ခံရရှိခဲ့တာ ဖြစ်တယ်လို့ ရဲမှူး ချိုင်ဝပ်က ပြောပါတယ်။

အသက် ၄၃ နှစ် အရွယ် အောင်ဆန်းလို့ အမည်ရသူဟာ ဦးခေါင်းနဲ့ ဝမ်းဗိုက်မှာ သေနတ် ဒဏ်ရာ နှစ်ခုနဲ့ သေဆုံးနေတာ ဖြစ်ပါတယ်။ သူ့ရဲ့ ညာဖက်လက်မှာလည်း ဒဏ်ရာ တစ်ခု ရရှိထားတာ တွေ့ရပါတယ်။

ပစ်ခတ်ထားတဲ့ ကျည် တစ်တောင့်၊ ငွေသားတချို့၊ ဖုန်း တစ်လုံး၊ ရွှေ့ပြောင်းနေထိုင်သူ အသိအမှတ်ပြုကတ် တစ်ကတ်နဲ့ ယာဉ်မောင်းလိုင်စင်တို့ကို သူ့အလောင်းကနေ ရှာတွေ့ခဲ့ပါတယ်။

အဲဒီနေရာကနေ မီတာ ၃၀၀ လောက်အကွာမှာ စောစောလို့ အမည်ရသူရဲ့ အလောင်းကို တွေ့ရပြီး ကျောမှာ သေနတ် ဒဏ်ရာနဲ့ သေဆုံးနေတာ ဖြစ်ပါတယ်။

အဲဒီလမ်းဟာ ကျဉ်းမြောင်းတာကြောင့် မော်တော် ဆိုင်ကယ်တွေပဲ အဓိက သွားလာပြီး အိမ်စီးကားတွေ၊ ကုန်ကားတွေ သွားလာမှု မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်တဲ့ လူသတ်သမားတွေဟာ အဲဒီလမ်းနဲ့ အကျွမ်းတဝင် ရှိသူတွေ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလို ပစ်ခတ်သတ်ဖြတ်ရတဲ့ အကြောင်းရင်းကို မသိရသေးဘဲ ရဲတပ်ဖွဲ့က အနီးအနားရှိ လုံခြုံရေး ကင်မရာတွေကို စစ်ဆေးနေပါတယ်။

သီးခြားဖြစ်ရပ် တစ်ခုမှာတော့ ထိုင်းစစ်သားတွေဟာ အခုနှစ် စောစောပိုင်းက နယ်စပ်မှာ မြန်မာအမျိုးသား တစ်ဦးကို သေတဲ့အထိ ရိုက်သတ်ခဲ့ကြတယ်လို့ လူ့အခွင့်အရေး အဖွဲ့ Fortify Rights က စွပ်စွဲထားပါတယ်။

အသက် ၃၇ နှစ် အရွယ် ကိုအောင်ကိုကိုဟာ ထိုင်း ကျေးရွာလုံခြုံရေး အရာရှိဝတ်စုံ ဝတ်ဆင်ထားတဲ့အတွက် ထိုင်းစစ်သားတွေက အခုနှစ်ဇန်နဝါရီလမှာ မဲဆောက်မှာ ဖမ်းဆီးခဲ့ပြီး မေးမြန်းစစ်ဆေးခဲ့ပါတယ်။

စစ်ဆေးမေးမြန်းမှု အတွင်း စစ်သားသုံးဦးက ကိုအောင်ကိုကိုအား တုတ်ချောင်းနဲ့ ရိုက်နှက်ခဲ့ကြပြီးနောက် နာရီပိုင်း အကြာမှာ သေဆုံးသွားခဲ့တယ်လို့ မျက်မြင်သက်သေတွေ၊ အလောင်း စစ်ဆေးမှု ရလဒ်တွေ၊ အခင်းဖြစ်ရာနေရာက ဓာတ်ပုံတွေကို ကိုးကားပြီး Fortify Rights က ပြောပါတယ်။

ဒီဖြစ်ရပ်ကို မျက်မြင်တွေ့ခဲ့ရတဲ့ မြန်မာနိုင်ငံသား တစ်ဦးဟာ လူသတ်မှုနဲ့ ထောင်သုံးနှစ်နဲ့ လေးလ ချမှတ် ခံခဲ့ရပါတယ်။

ဒါဟာ တရားစီရင်ရေး စနစ်ရဲ့ လွဲမှားတဲ့ လုပ်ရပ် ဖြစ်ပြီး အမှန်တကယ် လူသတ်မှု ကျူးလွန်ခဲ့တဲ့ စစ်သားတွေကို အရေးမယူဘဲ မထားသင့်ဘူးလို့ အဲဒီ လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။

ဒီစွပ်စွဲမှုတွေကို စုံစမ်း စစ်ဆေးနေပြီလို့ ထိုင်းစစ်တပ်က ပြောပါတယ်။

Ref:Bangkokpost/AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.