မကွေး နိုဝင်ဘာ ၁၅

မကွေးတိုင်း စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့က ဆုတ်လေဦး စစ်ကောင်စီ ကာကင်းစခန်းကို ဒေသကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ အဖွဲ့နဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။

နိုဝင်ဘာ ၁၅ ရက် နံနက် ၄ နာရီ ၃၀ မိနစ်ဝန်းကျင်ကတည်းကတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ စခန်းကိုပါ အပိုင်ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အခုချိန်ထိတော့ စကစဘက်က လှုပ်ရှားမှုမတွေ့ရသေးဘူး။ သူတို့တွေပြေးတော့ လက်နက်ကြီးတွေနဲ့ထုတာကြောင့် ဓာတ်ဆီဆိုင် မီးလောင်ပြီးတော့ လူသေဆုံးမှုတွေရှိတယ်” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကာကွယ်ရေးအဖွဲ့နဲ့နီးစပ်သူတွေက​တော့ ဆုတ်လေဦးစခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီအလောင်းတွေနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတာ ရှိတယ်လို့ ပြောပါတယ်။

ဆင်ဖြူကျွန်းမြို့နယ်ရှိ နွယ်တမယ် တံတားအနောက်ဘက်က ဆုတ်လေဦး ကာကင်းစခန်းမှာ စစ်ကောင်စီတပ်သား ၃၀ ဝန်းကျင်ရှိပြီးတော့ တိုက်ခိုက်မှုကြောင့် သေဆုံးသူများခဲ့တာလို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ စစ်ကောင်စီတပ်သားတွေဟာ ဆင်ဖြူကျွန်းမြို့ပေါ်ဘက်ကို ထွက်ပြေးသွားတာဖြစ်ပြီး ထွက်ပြေးသွားသူတွေကို ၂၅၅ တပ်ကနေ နွယ်တမယ်တံတား ဆင်ဖြူကျွန်းဘက်ခြမ်းမှာ လုံခြုံရေးယူပေးနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ကာကွယ်ရေးအဖွဲ့တွေက နွယ်တမယ်တံတားကို စီးနင်းခဲ့ပြီး လုံခြုံရေးရယူ ဆောင်ရွက်ခဲ့တာကြောင့် စစ်ကောင်စီနဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါသေးတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.