အမ်း၊ နိုဝင်ဘာ ၁၄

ရခိုင်ပြည်နယ် အမ်းမြို့နယ်ရှိ စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်က တပ် ရင်းတွေအပါအဝင် တပ်စခန်းရှစ်ခုကို အပြီးသတ်သိမ်းပိုက်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က အာရက္ခဒေသ စစ်ဆင်ရေးတစ်နှစ်ပြည့်တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အမ်းမြို့နယ်အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ ခမရ ၃၇၃၊ အမြောက်တပ်ရင်း ၃၇၄၊ လျှပ် စစ်အလုပ်ရုံတပ်ခွဲ (လလစ ၇၅၇)၊ စစ်လက်နက်ပစ္စည်းတပ်ခွဲ (စနခ ၃၄၅)၊ တိုက်ပွဲဝင် စည်းရုံးရေးသင်တန်းကျောင်း (တစသ ၈)၊ ကုတင် ၃၀၀ တပ်မတော်ဆေးရုံ (တဆရ ၂/၃၀၀)၊ လေကြောင်းရန်ကာကွယ်ရေးတပ်နဲ့ စစ်ဖက်ရေးရာလုံခြုံရေးတပ်တို့ကို သိမ်းပိုက်ရရှိထားတာပါ။

ဒါ့အပြင် ကျန်ရှိနေတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းတွေနဲ့ တပ်စခန်း ဆယ်ခုကို အပြီးသတ်သိမ်းယူနိုင်ရေးအတွက် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

ရက္ခိုင့်တပ်တော် သိမ်းပိုက်ရရှိထားတဲ့ တပ်စခန်းတွေမှာ ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင် စီတပ်ဖွဲ့ဝင်တွေကို လိုက်လံချေမှုန်းတိုက်ခိုက်နေတာကြောင့် အမ်း နပခဌာနချုပ်အနီးပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ အသိပေးထားပါတယ်။

အာရက္ခဒေသတစ်ခုလုံး အာရက္ခပြည်သူ့လက်ထဲကို အမြန်ဆုံးရောက်ရှိစေဖို့ စစ်ကောင်စီတပ်တွေ ကင်းစင်ရေးစတဲ့ရည်မှန်းချက်တွေအတွက် လက်ကျန်စခန်းတွေကို တစ်ခုပြီးတစ်ခု ထိုးစစ်တိုက် ခိုက်နေသလို စစ်ကောင်စီဘက်မှ ကြည်ကြောင်း၊ ရေကြောင်း၊ လေကြောင်းနဲ့ အပြင်းအထန် ခုခံနေတာပါ။

အပြီးသတ်သိမ်းပိုက်ရရှိဖို့ လက်တစ်ကမ်းအလိုကို ရောက်ရှိနေပြီးဖြစ်တဲ့ အမ်း၊ တောင်ကုတ်၊ ဂွနဲ့ မောင်တောမြို့တွေမှာလည်း တိုက်ပွဲပြင်းထန်နေသလို မောင်တောမြို့တစ်ခုလုံးကို သိမ်းပိုက်နိုင်ဖို့အတွက် နယ်ခြားစောင့်တပ် (နခခ ၅) စခန်းတစ်ခုသာ ကျန်ရှိနေပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ချင်းပြည်နယ် ပလက်ဝဒေသနဲ့ ရခိုင်ပြည်နယ်မှာ စတင်ခဲ့တဲ့ စစ်ဆင်ရေးအတွင်း ပလက်ဝဒေသ၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဏာကျွန်း၊ ရမ်းဗြဲ၊ မြေပုံ၊ ပေါက်တော၊ သံတွဲနဲ့ ကျိန္တလီမြို့တွေကို စစ်ဆင်ရေး တစ်နှစ်မပြည့်ခင်မှာပဲ သိမ်းယူနိုင်ခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – AA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.