သထုံ၊ နိုဝင်ဘာ ၁၄

မွန်ပြည်နယ် သထုံမြို့နယ် ပေါ်တော်မူကျေးရွာရှိ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ ဆိုင်ကယ်စီးနင်းလာတဲ့ လူငယ်နှစ်ဦးဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်း ဆီးခံလိုက်ရတယ်လို့ ရဲစခန်းနဲ့နီးစပ်သူတွေထံကနေ သိရပါတယ်။

နိုဝင်ဘာ ၁၃ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်မှာ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ပူးပေါင်းတပ်ဖွဲ့တွေ ပိတ်ဆို့စစ်ဆေးနေစဉ် ဘီးလင်းမြို့နယ်ကနေ သထုံမြို့နယ်ထဲ ဆိုင်ကယ်မောင်းနှင်းလာတဲ့ လူငယ် နှစ်ဦးကို ဖမ်းဆီးခဲ့တာပါ။

အဲဒီလို ဖမ်းဆီးစစ်ဆေးစဉ် လူငယ်နှစ်ဦးရဲ့ ဖုန်းထဲကနေ စစ်ကောင်စီဆန့်ကျင်ရေး သတင်းအချက် အလက်တွေ ပြန်လည်မျှဝေမှုနဲ့ ပတ်သက်ပြီး PDF ဖြစ်တယ်လို့ဆိုကာ ဖမ်းဆီးသွားခဲ့တာပါ။

ဖမ်းဆီးခံလိုက်ရတဲ့ လူငယ်နှစ်ဦးဟာ ဘီးလင်းမြို့နယ် ရွှေလှေကျေးရွာနေ အသက် ၂၀ ဝန်းကျင် မောင်အောင်သူရနဲ့ အငယ်လေးတို့ ဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ ရေးသားဖော်ပြတာတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့ကလည်း မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ အသက်မပြည့်သေးတဲ့ လူငယ်နှစ်ဦးကို စစ်ကောင်စီက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ ဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခဲ့ပါသေးတယ်။

မွန်ပြည်နယ်မှာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီဘက်က ပိတ်ဆို့စစ်ဆေးစဉ် ခရီးသွားလူငယ်တွေကို PDF စွပ်စွဲချက်နဲ့ ဆက်တိုက်ဆိုသလို ဖမ်းဆီးနေပြီး ငွေကျပ်သိန်းရာနဲ့ချီ ပေးနိုင်တဲ့သူတွေကို ပြန်လွတ်ပေးနေတယ်လို့ သံလွင်တိုင်းမ်က စုံစမ်းသိရှိရပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အချက်အလက်တွေအရ အာ ဏာသိမ်းသုံးနှစ်ကျော်ကာလအတွင်း နိုင်ငံတဝန်းမှာ စစ်ကောင်စီရဲ့ အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးမှုကြောင့် လူပေါင်း ၂၇၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-PAN

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.