ဘရပ်ဆဲလ်၊ နိုဝင်ဘာ ၁၄
ယူကရိန်း နယ်စပ်မှာ တိုက်ခိုက်နေတဲ့ ရုရှားစစ်သားတွေနဲ့ အတူ မြောက်ကိုရီးယားက စစ်သားတွေ ချထားမှုအတွက် ကျိန်းသေတုံ့ပြန်မှာ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က နိုဝင်ဘာ ၁၃ ရက်က သတိပေးလိုက်ပါတယ်။
ဒေါ်နယ်ထရန့် အိမ်ဖြူတော်သို့ ရောက်ရှိလာရင် အနာဂတ်ကာလအတွက် အကူအညီပေးမယ့် အစီအစဉ် ပျက်ပြယ်နိုင်တာကြောင့် ယူကရိန်းအတွက် အကူအညီ တိုးပေးရေးကိစ္စကို ဖြေရှင်းဖို့ နေတိုး၊ အီးယူအရာရှိတွေနဲ့ ဘရပ်ဆဲလ်မြို့မှာ ဆွေးနွေးမှုတွေ စတင်ချိန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက အခုလိုမျိုး ပြောကြားခဲ့တာ ဖြစ်ပါတယ်။
နေတိုး အကြီးအကဲ မက်ရူတီနဲ့ အတူ သတင်းထောက်တွေကို ရှင်းလင်း ပြောကြားရာမှာ ဝန်ကြီး ဘလင်ကန်က ယူကရိန်း စစ်ပွဲသို့ မြောက်ကိုရီးယား စစ်သားတွေ စေလွှတ်မှုဟာ မိမိတို့ ကျိန်းသေ တုံ့ပြန်ရမယ့် ကိစ္စ ဖြစ်တယ်လို့ ပြောဆိုခဲ့တာပါ။
ရုရှားသို့ မြောက်ကိုရီးယားက စေလွှတ်ထားတဲ့ တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာဟာ ယူကရိန်းနယ်စပ်အနီး ကာ့စ်ဒေသမှာ တိုက်ပွဲ ဝင်နေကြပြီ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုထားပါတယ်။
ဒါဟာ ပြင်းထန်ပြီး အရမ်းအန္တရာယ်များတဲ့ စစ်သားတွေ ချထားမှု ဖြစ်တယ်လို့ ဝန်ကြီးဘလင်ကန်က ပြောကြားပေမယ့် အမေရိကန်ဘက်က ဘယ်လို တုံ့ပြန်မလဲ ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုသွားတာ မတွေ့ရပါဘူး။
ရုရှားရဲ့ တိုက်ခိုက်မှုတွေမှာ တရုတ်က အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ကူညီနေပြီး အီရန်ကလည်း ရုရှားကို လက်နက်တွေ ထောက်ပံ့နေတယ်လို့ နေတိုး အကြီးအကဲက ပြောကြားထားပါတယ်။
အပြန်အလှန်အနေနဲ့ အီရန်ဟာ ဒေသတွင်း မတည်မငြိမ် ဖြစ်စေဖို့ ရုရှားဆီက ရရှိတဲ့ ငွေတွေကို အသုံးပြုနေတယ်လို့လည်း အကြီးအကဲ ရူတီက ပြောကြားခဲ့ပါတယ်။
နေတိုး အဖွဲ့ရဲ့ ဆုံးဖြတ်ချက် ချမှတ်တဲ့ အစည်းအဝေးမှာ ဝန်ကြီးဘလင်ကန် ပါဝင် ဆွေးနွေးပြီးနောက် ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး အန်ဒရေး ဆိုက်ဘီဂါ၊ အီးယူ ထိပ်တန်း သံတမန် ဂျိုးဆက် ဘော်ရဲလ်၊ သူ့နေရာကို ဆက်ခံမယ့် ကာဂျာ ကောလာ့စ်တို့နဲ့လည်း ဆွေးနွေးခဲ့ပါတယ်။
ရုရှားရဲ့ ကျူးကျော်မှုကို ပြန်လည် တိုက်ထုတ်နေချိန်မှာ ယူကရိန်းအတွက် အနာဂတ် အကူအညီနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ မြင့်မားနေပြီး ဂျာမနီမှာလည်း နိုင်ငံရေးပြဿနာ ပေါ်နေချိန် ထရန့် ရွေးကောက်ပွဲ အနိုင်ရသွားပြီးနောက် ဝန်ကြီး ဘလင်ကန်ရဲ့ အရေးပေါ် ခရီးစဉ် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
သမ္မတ ဂျိုးဘိုင်ဒန်က ယူကရိန်းအတွက် ကူညီဖို့ ထားရှိထားတဲ့ ငွေအားလုံးကို ထရန့် အိမ်ဖြူတော်သို့ ရောက်လာမယ့် ဇန်နဝါရီ ၂၀ ရက် မတိုင်ခင် ပေးပို့ဖို့ ကတိပြုထားကြောင်း ဝန်ကြီး ဘလင်ကန်က သတင်းထောက်တွေကို ပြောဆိုထားပါတယ်။
ဝါရှင်တန်အစိုးရရဲ့ မဟာမိတ်တွေအနေနဲ့လည်း ယူကရိန်းသို့ အကူအညီ ပေးပို့မှု အရှိန်မြှင့်တင်ကြဖို့ ဘလင်ကန်က တိုက်တွန်းပြောကြားပါတယ်။
ထရန့်က ယူကရိန်း စစ်ပွဲကို ၂၄ နာရီ အတွင်း အဆုံးသတ်အောင် လုပ်နိုင်တယ်လို့ ကြွားဝါထားပြီး ရုရှား လက်ရှိ သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို ယူကရိန်းက လက်လွှတ်ပြီးမှ ငြိမ်းချမ်းရေးယူဖို့ သူက အဆိုပြုလာနိုင်ပါတယ်။
Ref:Reuters