စင်ကာပူ၊ နိုဝင်ဘာ ၁၄
၂၀၂၅ ခုနှစ်အတွင်း အသက် ၂၁ နှစ်နဲ့ အထက်ရှိမယ့် စင်ကာပူနိုင်ငံသား ၂ ဒသမ ၉ သန်းဟာ အခုနှစ် ဒီဇင်ဘာလအတွင်း ငွေသား စင်ကာပူ ဒေါ်လာ ၂၀၀ နဲ့ ၆၀၀ ကြား လက်ခံရရှိကြမှာ ဖြစ်ပါတယ်။
စင်ကာပူ အိမ်ထောင်စုတွေအတွက် စားဝတ်နေရေး ကုန်ကျစရိတ် ဖိအားတွေ သက်သာစေရေး၊ ဝင်ငွေနည်း၊ ဝင်ငွေ အလယ်အလတ်ရှိ မိသားစုတွေကို ပိုမို ထောက်ပံ့ပေးနိုင်ရေး ရည်ရွယ်တဲ့ အာမခံ အစီအစဉ်အရ အစိုးရက အခုလိုမျိုး ငွေသား ပေးဝေသွားမှာ ဖြစ်ပါတယ်။
အဲဒီအစီအစဉ်အတွက် ၂၀၂၄ ခုနှစ် ဘက်ဂျက်မှာ စင်ကာပူဒေါ်လာ ၁ ဒသမ ၉ ဘီလီယံ ထပ်ပြီး အားဖြည့်ထားခဲ့တာ ဖြစ်ပါတယ်။
သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ အရွယ်ရောက်ပြီး စင်ကာပူ နိုင်ငံသားတွေအနေနဲ့ စားဝတ်နေရေး ဖိအား ပြေလျော့စေရေး၊ ကျန်းမာရေး စောင့်ရှောက်မှု စရိတ်သက်သာစေရေး၊ အငြိမ်းစားယူချိန်အတွက် ငွေပိုမို စုဆောင်းနိုင်ရေးတို့အတွက် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း အစိုးရထံမှ အကျိုးခံစားခွင့် အမျိုးမျိုး ရရှိမှာ ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနဲ့ လူ့စွမ်းအား ဝန်ကြီးဌာနတို့ရဲ့ နိုဝင်ဘာ ၁၄ ရက် ပူးတွဲ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ငွေသား ပေးဝေမှုအပြင် ၁၉၇၄ နဲ့ ၂၀၀၃ခုနှစ်ကြား မွေးဖွားတဲ့ စင်ကာပူ နိုင်ငံသား ၁ ဒသမ ၄သန်းဟာ ဒီဇင်ဘာလ အတွင်း ကျန်းမာရေး စောင့်ရှောက်မှု ကုန်ကျစရိတ် စင်ကာပူ ဒေါ်လာ ၃၀၀ ကနေ ၅၀၀ အထိ လက်ခံရရှိဦးမှာ ဖြစ်ပါတယ်။
ကျန်းမာရေး စောင့်ရှောက်မှု ထောက်ပံ့ငွေ အစီအစဉ်အရ ၁၉၇၃ ဒါမှမဟုတ် အဲဒီထက် စောပြီး မွေးဖွားတဲ့ စင်ကာပူ နိုင်ငံသား ၁ ဒသမ ၆သန်းဟာ ဒီဇင်ဘာလအတွင်း ကျန်းမာရေး စောင့်ရှောက်မှု ထောက်ပံ့ငွေ စင်ကာပူ ဒေါ်လာ ၁၂၅၀ ဒါမှမဟုတ် ၂၀၀၀ စီ ရရှိမှာ ဖြစ်ပါတယ်။
စုစုပေါင်းအနေနဲ့ စင်ကာပူ နိုင်ငံသား ၃ သန်းလောက် ကျန်းမာရေး စောင့်ရှောက်မှု ထောက်ပံ့ငွေတွေ ရရှိမှာ ဖြစ်တယ်လို့ အဲဒီဝန်ကြီးဌာနတွေက ပြောပါတယ်။
စင်ကာပူ နိုင်ငံသားတွေ အနေနဲ့ ငွေလက်ခံ ရရှိရေး သတ်မှတ်ချက်နဲ့ ကိုက်ညီ၊မညီ စစ်ဆေးဖို့ ဝက်ဘ်ဆိုက်ကိုလည်း အစိုးရက ဖော်ပြပေးထားပါတယ်။
ငွေသား ဒါမှမဟုတ် အကောင့်ထဲကနေ ငွေ လက်ခံရရှိမယ့် စင်ကာပူ နိုင်ငံသားတွေကို ဖုန်းမက်ဆေ့ချ်က တစ်ဆင့် အသိပေးသွားမှာ ဖြစ်ပါတယ်။
စင်ကာပူမှာ နေထိုင်စားသောက်ရေး စရိတ် ကြီးမြင့်လာနေချိန် အစိုးရက အခုလို ထောက်ပံ့ ပေးနေတာ ဖြစ်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း အလားတူ ထောက်ပံ့ပေးမှုတွေ ရှိခဲ့ပါတယ်။
Ref:CNA