တအောင်း၊ နိုဝင်ဘာ ၁၃

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ရဲ့ အထူးတိုက်ခိုက်ရေး စစ်သင်တန်းဆင်းပွဲကို တအာင်းပြည် ထိန်းချုပ်နယ်မြေတစ်နေရာမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တယ်လို့ TNLA က ဒီနေ့ နိုဝင်ဘာ ၁၃ ရက်နေ့ ညနေပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

အမျိုးသား အထူးတိုက်ခိုက်ရေးသင်တန်းမှာ အမှတ်စဉ်(က)နဲ့ (ခ) ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး သင်တန်းကာလအတွင်း စစ်ဆင်ရေးနဲ့ ရှေ့တန်းမှာ တိုက်ခိုက်ရေး ကျွမ်းကျင်မှုအဆင့်ရှိစေဖို့ အဓိက သင်ကြားပေးခဲ့သလို သင်တန်းကာလ သုံးလကျော်ကြာမှာ တပ်ဖွဲ့ဝင် ၁၀၀၀ ကျော် တက်ရောက်ပြီးမြောက်ခဲ့တယ်လို့ ဆိုပါတယ်။

သင်တန်းဆင်းပွဲမှာ TNLA စစ်ဦးစီးအရာရှိချုပ် ဗိုလ်မှူးချုပ် တားနော်ရိူန်းက ၁၀၂၇ စစ်ဆင်ရေးအတွင်း သိမ်းပိုက်ရရှိထားတဲ့ မြို့နယ် ၁၂ မြို့ကို ဆက်လက်ကာကွယ်စောင့်ရှောက်သွားဖို့၊ မိမိလူမျိုးနဲ့ အနာဂတ်မျိုးဆက်သစ်အတွက် မျိုးချစ်စိတ်ဓာတ် ထားရှိဖို့ တက်ရောက်အမှာစကား ပြောကြားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အမျိုသမီး စစ်သင်တန်းအမှတ်စဉ်(၆၆) (ဂ) သင်တန်းဆင်းပွဲကိုလည်း နိုဝင်ဘာ ၁၁ ရက်နေ့က ထိန်းချုပ်နယ်မြေ တစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့ပြီး သင်တန်းဆင်း အမျိုးသမီးစစ်သည် ၂၀၀ ဦးကို TNLA ရဲ့ ဌာနအသီးသီး၊ ဗဟိုရုံးချုပ်နဲ့ စစ်ဦးစီးချုပ်ရုံးသို့ အသီးသီးတာဝန်ခွဲပေးအပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မေလတုန်းကလည်း တအာင်းအမျိုးသားလွှတ်မြောက်ရေး တပ်မတော်TNLA ရဲ့ အခြေခံ စစ်သင်တန်းအပတ်စဉ်(၆၅)ကို သင်တန်းသူ၊သင်တန်းသား ဦးရေ ၁၀၀၀ ကျော် တက်ရောက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.