လောင်းလုံး၊ နိုဝင်ဘာ ၁၄
တနင်္သာရီတိုင်း လောင်းလုံးမြို့ရှိ လောင်းလုံးမြို့မရဲစခန်း တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်အတွင်း အရပ် သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီးနှစ်ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေနဲ့ တော် လှန်ရေးတပ်ဖွဲ့တွေထံကနေ သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ လောင်းလုံးမြို့မရဲစခန်းကို နိုဝင်ဘာ ၁၃ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှာ ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု မိနစ် ၂၀ နီးပါးကြာဖြစ်ပွားခဲ့ပြီး စခန်းဘက်က ပစ်ခတ်လိုက်တဲ့ကျည်ကြောင့် လမ်းဘေးဘယာကြော်ဆိုင်မှာရှိနေတဲ့ အသက် ၅၀ ဝန်းကျင်အ ရွယ် ဦးလှမျိုးဟာ ခြေထောက်မှာ ကျည်ဖောက်ဝင် ဒဏ်ရာရရှိခဲ့ပါတယ်။
ပစ်ခတ်မှုပြီးနောက် အင်အား ၆၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေဟာ မြို့အဝင်အ ထွက်နေရာတွေမှာ ပိတ်ဆို့ရှာဖွေခဲ့သလို အဲဒီနောက်မှာတော့ ဃ ရပ်ကွက်ရှိ နာရေးနေအိမ်မှာရှိနေတဲ့ မအိတုံနဲ့ ဒေါ်စန်းမူတို့ နှစ်ဦးကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ခံရဲ့ ပြောပြချက်အရ ရဲစခန်းတိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်အ တွင်း ရဲမေတစ်ဦးနဲ့ ရဲတပ်ဖွဲ့ဝင်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
တော်လှန်အင်အားစုအဖွဲ့တွေ လှုပ်ရှားမှု အားကောင်းတဲ့ လောင်းလုံးမြို့နယ်မှာ အာဏာသိမ်းကာလအတွင်း ရဲစခန်းအပါအဝင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေ မကြာခဏတိုက်ခိုက်ခံနေရတာပါ။
လက်ရှိမှာလည်း စစ်ကောင်စီတပ်ဟာ လောင်းလုံးမြို့နယ်အောက်ပိုင်းက ကျေးရွာတွေထဲ စစ် ကြောင်းထိုးနေတဲ့အတွက် နှစ်ဖက်စစ်ရေးတင်းမာနေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ