နောင်ချို၊ နိုဝင်ဘာ ၁၃
၁၀၂၇ စစ်ဆင်ရေး ဒုတိယအပိုင်းအတွင်း တအာင်းတပ်မတော် TNLA သိမ်းပိုက်ထားတဲ့ နောင်ချိုနဲ့ မိုးကုတ်မြို့တို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၂၀ ဦး သေဆုံးပြီး ၂၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်မှာ နောင်ချိုမြို့ရှိ လန်းဆန်းလက်ဖက်ရည်ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ တိုက်ခိုက်ရေးလေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး လာရောက်ကြဲချခဲ့တာပါ။
စစ်ကောင်စီရဲ့ ဗုံးကြဲမှုကြောင့် လက်ဖက်ရည်ဆိုင်အတွင်းရှိ ဒေသခံတွေနဲ့ ခရီးသွားပြည်သူ ၁၁ ဦး သေဆုံးခဲ့ပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ် ၄ လုံးနဲ့ ခရီးသည်တင်ကားတွေ မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ နိုဝင်ဘာ ၁၁ ရက်နေ့ ညသန်းခေါင်ယံ အချိန်မှာလည်း မိုးကုတ်မြို့ကို စစ်ကောင်စီမှ ဂျက်ဖိုက်တာ လေယာဉ်နဲ့ ဗုံးငါးလုံး လာရောက်ကြဲချခဲ့တာကြောင့် ဒေသခံ ၉ ဦး သေဆုံးပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါအပြင် စစ်ကောင်စီတပ်ဟာ ဘန့်ဘွေးရွာမှ ဆမ္မဆယ်ရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကာ ရွာဘုန်းကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အဆောက်အဦတွေ ထိမှန်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါကြောင့် မိဘပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုမှ ရှောင်ရှားနိုင်ဖို့ စစ်ရေးသတိရှိဖို့ လိုအပ်သလို လူစုလူဝေး မပြုကြဖို့နဲ့ လေကြောင်းအန္တရာယ် ကာကွယ်မှုဆိုင်ရာ အသိပေးထုတ်ပြန်ချက်တွေကို လိုက်နာပေးဖို့ အသိပေးထားပါတယ်။
ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ တစ်ကျော့ပြန်စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းမြောက်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၃၃၉ ဦး သေဆုံးခဲ့တယ်လို့ လူ့အခွင့်အရေးဆိုင်ရာလှုပ်ရှားမှုကွန်ရက် HRAN က ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TNLA