လှိုင်းဘွဲ၊ နိုဝင်ဘာ ၁၄
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မာနယ်ပလောဒေသမှာ နောက်ဆုံးကျန်ရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ၉၁၃ နို့ဒေးဗျူဟာတပ်စခန်းကို KNLA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေကနေ သိရပါတယ်။
KNU ဌာနချုပ်ဟောင်းနေရာဖြစ်တဲ့ မာနယ်ပလောဒေသအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ ၉၁၃ နို့ဒေးဗျူဟာတပ်စခန်း၊ ကဆောဝါးလေးစခန်း၊ ဖူးလောကုန်းစခန်းအပါအဝင် တပ်စခန်းပေါင်း ၆ ခုရှိပြီး အဲဒီတပ်စခန်းတွေကို KNLA KNDO တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ပိတ်ဆို့ပြီး ဒရုန်း၊ စနိုက်ပါစတာတွေနဲ့ နေစဉ်နဲ့အမျှ ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေခဲ့တာပါ။
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ရဲ့ နေ့စဉ်နဲ့အမျှ ဝိုင်းရံပိတ်ဆို့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် မာနယ်ပလောဒေသအတွင်းရှိ စစ်ကောင်စီတပ်စခန်းတွေဟာ တစ်ခုပြီးတစ်ခု စွန့်ခွာထွက်ပြေးသွားခဲ့ပြီး အောက်တိုဘာလ ကုန်အထိ မာနယ်ပလောဒေသအတွင်းမှာ စစ်ကောင်စီတပ်စခန်း ၂ ခုသာ ကျန်ရှိတော့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ ကဆောဝါးလေး (ဆင်ဖြူတောင်) စခန်းဟာ KNLA KNDO တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ရဲ့ နေ့စဉ်နဲ့အမျှ ဝိုင်းရံပိတ်ဆို့ ပစ်ခတ်တိုက်ခိုက်မှုတွေကို မခံနိုင်တော့တဲ့အတွက် စခန်းအတွင်းက စစ်ကောင်စီအဖွဲ့ဝင်တွေဟာ စခန်းကို စွန့်ခွာထွက် ပြေးသွားခဲ့ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကဆောဝါးလေးစခန်းကနေတစ်ဆင့် အောက်ဘက် ၉၁၃ နို့ဒေးဗျူဟာတပ်စခန်းဘက်ကို ပြန်လည်ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး စစ်ကောင်စီတပ်စွန့်ခွာသွားတဲ့ ကဆောဝါးလေးစခန်းကို တော် လှန်ရေးပူးပေါင်းအဖွဲ့က တက်ရောက်ရှင်းလင်းခဲ့တယ်လို့ ဒေသတွင်းသ တင်းရင်းမြစ်တွေကနေ သိရပါတယ်။
မာနယ်ပလောဒေသအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ ၉၁၃ နို့ဒေးဗျူဟာတပ်စခန်းတစ်ခုသာ ကျန်ရှိတော့တာဖြစ်ပြီး အဲဒီစခန်းကိုလည်း KNLA KNDO တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က နေ့စဉ်နဲ့အမျှ စနိုက်ပါ ဒရုန်းစတာတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့တွေ ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်က ဆိုပါတယ်။
စစ်ကောင်စီတပ်က စခန်းတိုက်ခိုက်ခံရတဲ့အတွက် စခန်းအတွင်းကနေ ကျေးရွာတွေထဲကို လက် နက်ကြီးနဲ့ အဆက်မပြတ်ပစ်ခတ်မှုတွေ လုပ်ဆောင်နေတယ်လို့လည်း မြေပြင်သတင်းအရ သိရပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၇ နယ်မြေ မာနယ်ပလောဒေသ အထက်ဘက်မှာတော့ တပ်မဟာ ၅ နယ်မြေဖြစ်တဲ့ သူးမွဲထာမြစ်ဆုံစခန်းအပါအဝင် စစ်ကောင်စီတပ်စခန်းအားလုံး တိုက်ခိုက် သိမ်းပိုက်ခံခဲ့ရတဲ့အတွက် တပ်မဟာ ၅ နယ်မြေ သံလွင်မြစ်ကြောင်းတစ်လျှောက်မှာ စစ်ကောင်စီတပ် ကင်းစင်သွားပြီဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Saw Lwin Press