ဝါရှင်တန်၊ နိုဝင်ဘာ ၁၃
အမေရိကန် သမ္မတရွေးကောက်ပွဲ အနိုင်ရထားတဲ့ ဒေါ်နယ်ထရန့်က ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး အီလွန်မက်စ်နဲ့ ရီပက်ဘလေကန် သမ္မတရွေးကောက်ပွဲ ကိုယ်စားလှယ် ဖြစ်ခဲ့ဖူးတဲ့ ဗီဗက်စ် ရာမက်စ်ဝါမီ တို့ကို အစိုးရ လုပ်ဆောင်မှုတွေ ထိရောက် လျင်မြန်စေဖို့ ဌာနသစ်မှာ ဦးဆောင်မယ့်လူတွေ အဖြစ် နိုဝင်ဘာ ၁၂ ရက်က အမည်စာရင်း တင်သွင်းလိုက်ပါတယ်။
ဗီဗက်စ် ရာမက်စ်ဝါမီနဲ့ အီလွန်မက်စ်တို့ဟာ အဲဒီ ဌာနကို ဦးဆောင်ပြီး အစိုးရအဖွဲ့ ပြင်ပကနေ ထိန်းကျောင်းပေးရမှာ ဖြစ်တယ်လို့ ထရန့်က အရိပ်အမြွက် ပြောဆိုထားပါတယ်။
ရွေးကောက်ပွဲ မတိုင်ခင်က အီလွန်မက်စ်ဟာ ကိုယ်စားလှယ် နှစ်ဦးလုံး အနိုင်ရနိုင်ခြေ ဆတူရှိတဲ့ ပြည်နယ်တွေမှာ မဲပေးသူတွေကို တစ်ရက် ဒေါ်လာ ၁ သန်း ပေးပြီး ထရန့်အတွက် မဲဆွယ်ခဲ့ပါတယ်။
သူက အမေရိကန် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပထမအကြိမ်နဲ့ ဒုတိယအကြိမ် ပြင်ဆင်မှုကို ထောက်ခံ မဲပေးသူတွေထဲက တစ်ရက်ကို တစ်ဦးနှုန်းနဲ့ ဒေါ်လာ ၁ သန်းစီ ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
သမ္မတရာထူး လွှဲပြောင်းရယူဖို့ ပြင်ဆင်နေချိန်မှာ ထရန့်က စစ်မှုထမ်းဟောင်း တစ်ဦး ဖြစ်ပြီး Fox News အစီအစဉ် တင်ဆက်သူ ပိဟက်ဆေ့ချ်အား ကာကွယ်ရေးဝန်ကြီး အဖြစ် ခန့်အပ်ရေးလည်း အမည်စာရင်း တင်သွင်းထားပါတယ်။
ရီပက်ဘလေကန်တို့ဟာ သမ္မတ ရွေးကောက်ပွဲ အနိုင်ရထားသလို လွှတ်တော်တွင်း လူများစုနေရာ ရရှိဖို့လည်း နီးစပ်နေပြီဖြစ်တာကြောင့် ထရန့်လက်ထက်မှာ အားလုံး သူ့စိတ်ကြိုက် အတားအဆီးမရှိ လုပ်ဆောင်မယ့် လက္ခဏာတွေ တွေ့မြင်နေရပါတယ်။
ထရန့်က ဂျွန် ရတ်ကလစ်ဖ်ကို အမျိုးသား ထောက်လှမ်းရေးညွှန်ကြားရေးမှူး အဖြစ်ခန့်အပ်ရေး အမည်စာရင်း တင်သွင်းထားသလို ပြည်ထဲရေးဝန်ကြီးအဖြစ် တောင်ဒါကိုတာပြည်နယ် အုပ်ချုပ်ရေးမှူး ခရစ္စတီ နိုအမ်ကို အမည်စာရင်းတင်သွင်းထားပါတယ်။
နိုအမ်ကို အဲဒီ ရာထူးမှာ ခန့်အပ်နိုင်ဖို့ လွှတ်တော်ရဲ့ ခွင့်ပြုချက် ရယူရမှာဖြစ်ပေမယ့်ရီပက်ဘလေကန်တို့ လွှတ်တော် လူများစု နေရာအနိုင်ရဖို့ သေချာ သလောက် ဖြစ်နေတာကြောင့်အခက်အခဲ တစုံတရာ ရှိမယ့်ပုံမတွေ့ရပါဘူး။
အီလွန်မက်စ်ဦးဆောင်မယ့် ဌာနအသစ်က အစိုးရ ဗျူရိုကရေစီ စနစ်ကို ဖျက်သိမ်းဖို့ လွန်ကဲနေတဲ့ ဥပဒေတွေကို ဖျက်သိမ်းဖို့နဲ့ လွန်ကဲနေတဲ့ အသုံးစရိတ်တွေကို လျှော့ချဖို့ တာဝန်ယူမှာဖြစ်တယ်လို့ ထရန့်က ပြောပါတယ်။
Ref:BBC/Reuters