အမှန်/အမှား
+++++++++++
မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။
ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။
ဒီကနေ့မှာတော့“NUG က အမေရိကန်နိုင်ငံရဲ့ ရွေးကောက်ပွဲရလဒ်အား အသိအမှတ်မပြု”ဆိုပြီး စစ်ကောင်စီတပ်လော်ဘီတွေ လုပ်ကြံဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီအကြောင်းကို စစ်ကောင်စီတပ်ရဲ့ လူမှုကွန်ရက်နဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ နိုဝင်ဘာ ၆ ရက်နေ့က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။
ဖြစ်စဉ်မှာတော့ ဒေါ်နယ်ထရန့် ရွေးကောက်ပွဲ အနိုင်ရခဲ့တဲ့အပေါ် ဂုဏ်ပြုကြောင်း အမျိုးသားညီ ညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားထားတာကို လွတ်လပ်သော သတင်းဌာနတွေမှာလည်း ဖော်ပြထားပါတယ်။
အမေရိကန်နိုင်ငံမှာ နိုဝင်ဘာ ၅ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရန့်က သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရတဲ့အတွက် ဂုဏ်ယူကြောင်းနဲ့ ခိုင်မြဲတဲ့ ဆက်ဆံရေး ဆက်လက်တည်ဆောက်သွားမယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက လူမှုကွန်ရက်မှတဆင့် ချီးကျူးဂုဏ်ပြုလိုက်တယ်လို့ ဖော်ပြထားပါတယ်။
ယာယီသမ္မတ ဒူဝါလရှီးလက သူရဲ့ X(အရင် twitter)လူမှုကွန်ရက်အကောင့်မှတဆင့် ဒေါ်နယ်ထရန့်အကောင့်ကို Tag တွဲကာ အမေရိကန်သမ္မတအဖြစ် ပြန်လည် ရွေးကောက် အနိုင်ရရှိမှုအပေါ် ဂုဏ်ယူပြီး ဒေါ်နယ်ထရန့်ရဲ့ ခေါင်းဆောင်မှုအောက်မှာ အရေးကြီးပြီး ခိုင်မာသောဆက်ဆံရေး ဆက်လက်ထူထောင်သွားဖို့ မျှော်လင့်တယ်လို့ ပြောကြားထားတာကို People’s Spring သတင်းဌာနက ဖော်ပြထားပါတယ်။
People’s Spring သတင်းဌာနက ဖော်ပြထားတဲ့လင့်
BBC သတင်းဌာနက ဖော်ပြထားတဲ့လင့်
ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။
သံလွင်တိုင်းမ်