ဆိုးလ်၊ နိုဝင်ဘာ ၉
မြောက်ကိုရီးယားက မိမိတို့ကို နျူကလီးယား လက်နက်နဲ့ တိုက်ခိုက်ဖို့ ကြိုးပမ်းလာမယ်ဆိုရင် မိမိတို့ရဲ့ မဟာမိတ် အမေရိကန်နဲ့ ပေါင်းပြီး ပြန်လည် တိုက်ခိုက်ရေး ကြိုတင်ပြင်ဆင်ထားတယ်လို့ တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ယိုလ်က ပြောကြားခဲ့ကြောင်း Newsweek သတင်းက နိုဝင်ဘာ ၈ ရက်မှာ ဖော်ပြပါတယ်။
တောင်ကိုရီးယားအနေနဲ့ နိုင်ငံကို ကာကွယ်ဖို့ ကိုယ်ပိုင် နျူကလီးယား လက်နက်တွေ မလိုအပ်ဘဲ အမေရိကန် နျူကလီးယား လက်နက်တွေကို အားကိုးလို့ရတယ်လို့လည်း သမ္မတ ယွန်က ပြောပါတယ်။
တောင်ကိုရီးယားကို နျူကလီးယားလက်နက်နဲ့ တိုက်ခိုက်ဖို့ သူတို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် ကျိုးကြောင်း မသင့်ဘူးလို့ မိမိအနေနဲ့ ယုံကြည်ကြောင်းနဲ့ မဟာမိတ် အမေရိကန်နဲ့ ပေါင်းပြီး အမေရိကန် နျူကလီးယား လက်နက်တွေနဲ့ ချက်ချင်း ပြန်လည် တိုက်ခိုက်သွားမှာ ဖြစ်တယ်လို့ ယွန်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး အမေရိကန် မဂ္ဂဇင်း Newsweek ကဖော်ပြပါတယ်။
အောက်တိုဘာ ၃၁ ရက်က Hwasong-19 လို့ နာမည်ပေးထားတဲ့ လောင်စာခဲသုံး တိုက်ချင်းပစ် ဒုံးကျည် တစ်လုံး စမ်းသပ် ပစ်လွှတ်ပြီး မြောက်ကိုရီးယားက သူတို့ရဲ့ စစ်အင်အားကို ထုတ်ပြထားပါတယ်။
မြောက်ကိုရီးယားဟာ ယူကရိန်း စစ်ပွဲမှာ ရုရှားကို ကူညီဖို့ စစ်သားတွေ စေလွှတ်ပေးထားတယ်လို့ တောင်ကိုရီးယားနဲ့ အမေရိကန်က စွပ်စွဲထားပါတယ်။
ရှေးရိုးဆန်သူ သမ္မတ ယွန်ဟာ အရင်တောင်ကိုရီးယား ခေါင်းဆောင်တွေထက် မြောက်ကိုရီးယား အပေါ် ပိုပြီး သဘောထား တင်းမာသူ ဖြစ်ပါတယ်။
မြောက်ကိုရီးယားက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေကို အကြိမ်ကြိမ် ချိုးဖောက်ပြီး ပဲ့ထိန်းဒုံးကျည်တွေနဲ့ နျူကလီးယားလက်နက်တိုက်ကို အားကောင်းအောင် အရှိန်မြှင့် ဆောင်ရွက်နေပါတယ်။
ဆိုးလ်က ဝါရှင်တန်ရဲ့ နှစ်ပေါင်း ၇၀ ကြာ လုံခြုံရေး မဟာမိတ်ဖွဲ့မှု အားကောင်းအောင် နှစ်နိုင်ငံ ဆက်ဆံရေး အားကောင်းအောင် လုပ်ဆောင်ဖို့ ကြိုးပမ်းနေပါတယ်။
ဒါပေမဲ့ သမ္မတအသစ် ဒေါ်နယ်ထရန့် လက်ထက်မှာ တောင်ကိုရီးယား အနေနဲ့ နှစ်နိုင်ငံဆက်ဆံရေးကို ပြန်လည် အာရုံစိုက်ရမှာ ဖြစ်ပါတယ်။
၁၉၅၀-၁၉၅၃ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ကိုရီးယား စစ်ပွဲဟာ ငြိမ်းချမ်းရေး သဘောတူညီမှုနဲ့ မဟုတ်ဘဲ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုနဲ့ အဆုံးသတ်ခဲ့တာ ဖြစ်တဲ့အတွက် ကိုရီးယား နှစ်နိုင်ငံဟာ စစ်ဖြစ်နေဆဲ အခြေအနေလို့ သတ်မှတ်နိုင်ပါတယ်။
Ref:Reuters