အမှန်/အမှား

++++++++++++

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန် ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီကနေ့မှာတော့“အညာဒေသက သက်ငယ်မုဒိမ်းတွေကို အရေးယူပေးဖို့ ပြောတဲ့ PDF အမျိုးသမီး တစ်ဦးကို NUG လက်အောက်ခံ PDF တွေ သတ်ပစ်လိုက်ပြီ”လို့ တော်လှန်ရေးမှာ ပါဝင်နေတဲ့ အ မျိုးသမီးတစ်ဦးရဲ့ ဓာတ်ပုံတစ်ပုံနဲ့ စစ်ကောင်စီဘက်က လုပ်ကြံဝါဒဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းကို စစ်ကောင်စီတပ် လော်ဘီတွေရဲ့ လူမှုကွန်ရက်နဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ အောက်တိုဘာ၂၈ ရက်နေ့က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ သက်ငယ်မုဒိန်းမှုကျူးလွန်နေသူတွေကို ဖော်ထုတ်ပေးဖို့ ပြောထားလို့ PDF တွေက သတ်ပစ်လိုက်တယ်ဆိုတာ သတင်းအမှားကြီးပါလို့ ရုပ်သံဖိုင်ပါ အမျိုးသမီးတစ်ဦးဖြစ်တဲ့ မုံရွာအမျိုးသမီး သပိတ်စစ်ကြောင်းရဲ့ သပိတ်ဦးဆောင်သူ မချောစုဟန်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီ ဝါဒဖြန့် ရုပ်သံပါ အမျိုးသမီးဟာ မုံရွာအမျိုးသမီးသပိတ်စစ်ကြောင်းရဲ့ သပိတ်ဦး ဆောင်သူ မချောစုဟန်ဖြစ်ပြီး ဒီဖိုင်ဟာ ပြည်သူအချင်းအချင်းထဲမှာ ဖြစ်ပေါ်နေတဲ့ သက်ငယ်မုဒိမ်းတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေ ထိရောက်စွာ အရေးယူပေးဖို့ အောက်တိုဘာ ၂၈ ရက်နေ့က တိုက်တွန်းပြောထားတဲ့ ရုပ်သံဖိုင် ဖြစ်ပါတယ်။

ဒီရုပ်သံဖိုင်ကိုကူးယူကာ ရုပ်သံထဲမှာ သက်ငယ်မုဒိမ်းမှု ကျူးလွန်သူတွေကို ဖော်ထုတ်ဖို့ ပြောတဲ့ အမျိုးသမီးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF က သတ်ပစ်လိုက်တယ်ဆိုပြီး စစ်တပ်လော်ဘီတွေက ပြန်လည်ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

“ကျွန်တော်ပြောထားတဲ့ ဗွီဒီယိုဖိုင်ထဲမှာ အခုစစ်လော်ဘီတွေ ပြောထားတဲ့အကြောင်းအရာတွေ ဘာတစ်ခုမှ မပါပါဘူး။ PDF မုဒိမ်းကျင့်ပါတယ်လို့လည်း ပြောမထားသလို ကျွန်တော်ကို NUG လက်အောက်ခံတွေက သတ်ပစ်လိုက်တယ်ဆိုတာ သတင်းအမှားကြီးပါ။ မြေပြင်မှာ ဖြစ်ပေါ်နေတဲ့ ပြည်သူအချင်းချင်း ကျူးလွန်နေတဲ့ သက်ငယ်မုဒိမ်းတွေကို ထိရောက်စွာ အရေးယူပေးဖို့ တာဝန်ထမ်းနေတဲ့ ဌာနတွေကို တိုက်တွန်းထားတဲ့ ဗွီဒီယိုဖိုင် ဖြစ်ပါတယ်”လို့ မချောစုဟန်က ပြောပါတယ်။

မချောစုဟန်ဟာ အောက်တိုဘာ ၂၈ ရက်နေ့က အသက် ၇ နှစ်၊ ၈ နှစ် အရွယ်ကလေးငယ်တွေကို မုဒိန်းပြုကျင့်လိုက်လို့ မိသားစုကိစ္စပဲဆိုပြီး လွှတ်ပေးလိုက်လို့မဖြစ်ဘဲ အမှုအတွက် ကျူးလွန်သူကို ပေးရမယ့်ပြစ်ဒဏ်အတွက် အရေးယူဆောင်ရွက်နေတဲ့အဖွဲ့တွေက ထပ်မဖြစ်အောင် ထိရောက် စွာ အရေးယူပေးဖို့နဲ့ အရေးမယူပါက သက်ငယ်မုဒိမ်းတွေ အညာဒေသတွေမှာ ပပျောက်သွားမှာ မဟုတ်ဘဲ ပိုမိုကျူးလွန်မှုများလာကာ အနာဂတ်ကလေးငယ်တွေရဲ့ လုံခြုံရေးပိုမိုစိုးရိမ်စရာ ဖြစ် လာမယ်လို့ ရုပ်သံဖိုင်ထဲမှာ ပြောထားတာ ဖြစ်ပါတယ်။

မုံရွာအမျိုးသမီးသပိတ်စစ်ကြောင်းရဲ့ သပိတ်ဦးဆောင်သူ တစ်ဦးဖြစ်တဲ့ မချောစုဟန် ပြောပြထားတဲ့ ရုပ်သံVideo လင့်

MIizzima သတင်းဌာနမှာလည်း အညာဒေသမှာ သက်ငယ်မုဒိမ်း ကျူးလွန်မှုတွေ ရှိနေပြီး ကျူး လွန်သူတွေကို အရေးယူပေးကြဖို့ ဖော်ထုတ်ပြောဆိုတဲ့ အမျိုးသမီးတစ်ဦးကို PDF တွေက သတ်လိုက်တယ်ဆိုတဲ့ သတင်းဟာ သတင်းအမှားပဲ ဖြစ်တဲ့အကြောင်းကိုလည်း သတင်းဖော်ပြထားပါတယ်။

MIizzima သတင်းဌာနက ဖော်ပြထားတဲ့လင့်

စစ်တပ်လော်ဘီတွေက NUG နဲ့မြေပြင်သပိတ်လှုပ်ရှားသူများတွေအကြား ပြည်သူအချင်းချင်းကြားမှာ စည်းလုံးမှုပြိုကွဲအောင် ပြုလုပ်နေတာဖြစ်တဲ့အတွက် စစ်ကောင်စီဘက်က ဖြန့်နေတဲ့ သတင်းတွေကို ပြည်သူလူထုအနေနဲ့ သေချာမေးမြန်းပြီးမှ ယုံကြည်ဖို့ လိုတယ်လို့လည်း မချောစုဟန်က သံလွင်တိုင်းမ် သတင်းဌာနကို ပြောပါတယ်။

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.