အမှန်/အမှား
++++++++++++
မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။
ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။
ဒီကနေ့မှာတော့“နွားထိုးကြီးမြို့မှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံလင်မ ယားနှစ်ဦး သေဆုံးခဲ့တဲ့သတင်းကို PDF ပစ်ခတ်တာ”ဆိုပြီး စစ်ကောင်စီဘက်က လုပ်ကြံဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီအကြောင်းကို စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြန်မာ့အလင်း၊ ကြေးမုံသတင်းစာအပါအဝင် စစ် တပ်လော်ဘီတွေရဲ့ လူမှုကွန်ရက်နဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ အောက်တိုဘာ ၃၀ ရက်နေ့က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။
ဖြစ်စဉ်မှာတော့ မန္တလေးတိုင်း နွားထိုးကြီးမြို့မှာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် လင်မယားနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက လွတ်လပ်သောသတင်းဌာနတွေကို ပြောထားပါတယ်။
အောက်တိုဘာ ၂၈ ရက်နေ့က နွားထိုးကြီးမြို့ နတ်စင်ကုန်းရှိ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး ၃လုံး ပစ်ခတ်ခဲ့တာကြောင့် နွားထိုးကြီးမြို့တောင်ဘက် ထနောင်းပင်လဲ့ကျေးရွာအနီးရှိ လူနေတဲတစ်လုံးပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး တဲရှိလင်မယားနှစ်ဦး သေဆုံးခဲ့ကြောင်း People’s Spring သတင်းဌာနက ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်ဟာ နွားထိုးကြီးမြို့ပေါ် နေရာ လေးနေရာလောက်မှာ အထိုင်ချတပ်စွဲထားပြီး မြို့အပြင်ဘက်တွေကို ညတိုင်းလိုလို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ရှိနေတယ်လို့ RFA သတင်းဌာနက ဖော်ပြထားပါတယ်။
အောက်တိုဘာလ ၂၇ ရက်နေ့ ညပိုင်းကလည်း နွားထိုးကြီးမြို့တောင်ဘက် လေးမိုင်ကျော်ဝေးတဲ့ အောင်ပန်းကုန်းရွာကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လူအထိအခိုက်မရှိပေမဲ့ နွားခုနစ်ကောင် သေဆုံးခဲ့တယ်လို့ နွားထိုးကြီးဒေသခံတွေက RFAသတင်းဌာနကို ပြောထားပါတယ်။
People’s Spring သတင်းဌာနက ဖော်ပြထားတဲ့လင့်
RFA သတင်းဌာနက ဖော်ပြထားတဲ့လင့်
ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။
သံလွင်တိုင်းမ်