ဘန်ကောက်၊ နိုဝင်ဘာ ၁

ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ လူနည်းစုဝင် တိုင်းရင်းသားတွေကို နိုင်ငံသား ဖြစ်ခွင့်ပြုမယ့် ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ ထိုင်းအစိုးရက ကာကွယ်ပြောဆိုပြီး အဲဒီ မူဝါဒဟာ ဥပဒေနဲ့ညီညွတ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ထိုင်းမှာ ကြာမြင့်စွာနေထိုင်ခဲ့သူ ဒါမှမဟုတ် ထိုင်းမှာ မွေးဖွားတဲ့ လူနည်းစု တိုင်းရင်းသားတွေနဲ့ ရွှေ့ပြောင်းနေထိုင်သူ ၄၈၃,၀၀၀ ကျော်ကို နိုင်ငံသား ဖြစ်ခွင့်ပေးရေး ဝန်ကြီးများအဖွဲ့က အောက်တိုဘာ ၂၉ ရက်မှာ ဆုံးဖြတ်ခဲ့ပါတယ်။

အဲဒီလို လူတွေ အလုပ်လုပ်ခွင့် မရှိဘူးလို့ တားမြစ်ထားတဲ့ သတ်မှတ်ချက်ကို ဖယ်ရှားလိုက်ရင် စီးပွားရေးကို နှိုးဆွပေးရာရောက်မယ်လို့ ဝန်ကြီးချုပ် ပေသွန်ထန် ရှင်နာဝါထရာက ပြောကြားထားပြီး ကာလကြာရှည်နေပြီ ဖြစ်တဲ့ နိုင်ငံသားဖြစ်မှု၊ နေထိုင်ခွင့် ပြဿနာတွေကို ဖြေရှင်းဖို့ အခုလို ဆုံးဖြတ်တာ ဖြစ်တယ်လို့ ရှင်းပြပါတယ်။

ဝေဖန်သူတွေကတော့ အဲဒီ မူဝါဒကို သဘောမကျကြဘဲ ရွှေ့ပြောင်းနေထိုင်သူတွေကို မြှောက်ပေးရာရောက်တယ်လို့ ပြောဆိုနေကြပါတယ်။

ထိုင်းအစိုးရရဲ့ အစီအစဉ်အရ ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ တိုင်းရင်းသား ၅၀၀,၀၀၀ လောက်ဟာ ထိုင်းနိုင်ငံသားတွေလိုပဲ အခွင့်အရေးတွေ အကျိုးခံစားခွင့်တွေ ရရှိလာကြမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ သူတို့ဟာ ထိုင်းနိုင်ငံသား ဖြစ်လာပြီး နောက်ပိုင်း ဒေသဆိုင်ရာနဲ့ အမျိုးသားရွေးကောက်ပွဲမှာ မဲပေးခွင့် ရှိမှာ မဟုတ်သလို ရွေးကောက်ပွဲ ဝင်ပြိုင်ခွင့်နဲ့ နိုင်ငံရေးပါတီ တည်ထောင်ခွင့် ပါတီဝင် ဖြစ်ခွင့် ရရှိမှာ မဟုတ်ပါဘူး။

သူတို့ အနေနဲ့ အိမ်ယာမြေ ဝယ်ယူပိုင်ဆိုင်ခွင့်၊ အလုပ်သမားသမဂ္ဂ အဖွဲ့ဝင် ဖြစ်ခွင့်၊ အလုပ်သမားသမဂ္ဂ တည်ထောင်ခွင့်တို့ ရရှိမှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံသား ဖြစ်ခွင့်ရရှိထားသူတွေ နောက်ပိုင်းမှာ ပြည်သူလူထု ဘေးကင်းရေး ဒါမှမဟုတ် နိုင်ငံတော် လုံခြုံရေးကို ခြိမ်းခြောက်လာရင် နိုင်ငံသား ဖြစ်ခွင့် ရုပ်သိမ်းခံရမှာ ဖြစ်ပါတယ်။

ထိုင်းအစိုးရရဲ့ မူဝါဒဟာ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေတွေနဲ့ အညီ ဖြစ်သလို လက်ရှိ ထိုင်းနိုင်ငံမှာ ပြဌာန်းထားတဲ့ တည်ဆဲဥပဒေတွေနဲ့အညီ ဖြစ်တယ်လို့ အရာရှိတွေက ပြောကြားထားပါတယ်။

ထိုင်းနိုင်ငံသား ဖြစ်ခွင့်ရမယ့် လူတွေထဲမှာ ၁၉၉၉ ခုနှစ် မတိုင်ခင် ထိုင်းနိုင်ငံထဲမှာ နေထိုင်နေသူ ၃၄၀,၀၀၀ လည်း ပါဝင်မှာ ဖြစ်ပါတယ်။ကျန်တဲ့ လူတွေကတော့ ထိုင်းနိုင်ငံမှာ မွေးဖွား ကြီးပြင်းလာသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ ဖြစ်ပွားပြီးနောက် ထိုင်းနိုင်ငံသို့ ဝင်ရောက်နေထိုင်သူ မြန်မာနိုင်ငံသား ပိုများလာမှုနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံသားတွေကြား မကျေနပ်မှုတွေ ရှိနေပါတယ်။

ရွှေ့ပြောင်း အလုပ်သမားတွေကြောင့် နိုင်ငံသားတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ထိခိုက်မှာကိုလည်း ထိုင်းနိုင်ငံသားတွေ စိုးရိမ်နေကြပါတယ်။

ဒီအချိန်မှာ ကာလကြာရှည် ရှိနေတဲ့ ပြဿနာကို ဖြေရှင်းဖို့ ထိုင်းအစိုးရရဲ့ အခုလို ဆောင်ရွက်မှုအပေါ် တချို့က ဒေါသတကြီး ပြစ်တင် ဝေဖန်နေကြပါတယ်။

Ref:Bangkokpost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.