အမှန်/အမှား
++++++++
မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။
ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။
ဒီကနေ့မှာတော့ “စစ်ကောင်စီတပ်သားတွေက ငါန်းဇွန်မြို့နယ်ရှိ ရဲပဒိုင်းကျေးရွာအပါအဝင် ကျေး ရွာခြောက်ရွာကို ဝင်ရောက်မီးရှို့ပြီး နေအိမ်တွေ ဖောက်ထွင်းခိုးယူတာ PDF တွေ လုပ်တာ”ဆိုပြီး စစ်ကောင်စီဘက်က လုပ်ကြံဝါဒဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီအကြောင်းကို စစ်တပ်ပိုင် မြဝတီသတင်းဌာနအပါအဝင် တပ်ဘော်လီရဲ့ လူမှုကွန်ရက်နဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ အောက်တိုဘာ ၂၉ ရက်နေ့က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။
ဖြစ်စဉ်မှာတော့ မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် ရဲပဒိုင်းကျေးရွာကို စစ်အုပ်စုက အောက်တိုဘာ ၂၆ ရက်နေ့ မနက်ပိုင်းမှာ စီးနင်းဝင်ရောက်လုယက်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားတယ်လို့ လွတ် လပ်သောသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
ငါန်းဇွန်မြို့ပေါ်က ထွက်လာတဲ့ စစ်အုပ်စုနဲ့ ပျူစောထီးအဖွဲ့တွေဟာ ရဲပဒိုင်းကျေးရွာကို စီးနင်းဝင်ရောက်လုယက်ပြီး နေအိမ်ခြောက်လုံး မီးရှို့ဖျက်ဆီးခဲ့သလို ဒေသခံသုံးဦးကိုပါ ဖမ်းဆီးခေါ်ဆောင် သွားခဲ့တယ်လို့ ဒေသတွင်းသတင်းဌာန MFP သတင်းဌာနမှာ ဖော်ပြထားပါတယ်။
ငါန်းဇွန်မြို့နယ် ရဲပတိုင်းရွာ၊ငါန်းမြာကြီးရွာတွေကိုပါ စစ်ကြောင်းထိုး မီးရှို့နေတဲ့အတွက် ရွာ ၆ ရွာရှိ ဒေသခံပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရပြီး ရွာထဲကကုန်စုံဆိုင်ကိုလည်း စစ်သားတွေဝင်ဖောက်ပြီး ဆန်တွေ၊ဆီတွေ ကုန်ပစ္စည်းတွေ အကုန် ကားနဲ့ လာတင်သွားတယ်လို့ ငါန်းမြာကြီးရွာအနီးရှိ ကျေးရွာတစ်ရွာမှ ပြည်သူတွေက People’s Spring သတင်းဌာနကို ပြောထားပါတယ်။
MFP သတင်းဌာနက ဖော်ပြထားတဲ့လင့်
People’s Springသတင်းဌာနက ဖော်ပြထားတဲ့လင့်
ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။
သံလွင်တိုင်းမ်