အန်ကာရာ၊ အောက်တိုဘာ ၃၀

တူရကီအနေနဲ့ မကြာခင်မှာ ကိုယ်ပိုင် သံမဏိကွန်ချာ လေကြောင်းရန် အထပ်ထပ် ကာကွယ်ရေးစနစ် တည်ဆောက်နိုင်ဖို့ ရည်မှန်းထားကြောင်းနဲ့ တာဝေးပစ် ဒုံးကျည်တွေရဲ့ စွမ်းပကားကိုလည်း တိုးမြှင့်သွားမယ့်အကြောင်း သမ္မတ အာဒိုဂန်က အောက်တိုဘာ ၂၉ ရက်က ပြောကြားလိုက်ပါတယ်။

နေတိုးအဖွဲ့ဝင် တူရကီဟာ ကာကွယ်ရေးပစ္စည်းတွေအတွက် ပြည်ပက ထောက်ပံ့သူတွေအပေါ် မှီခိုနေရမှုကို မကြာသေးခင် နှစ်တွေက သိသိသာသာ လျှော့ချလာခဲ့ပါတယ်။

တူရကီဟာ ကမ္ဘာ့ဈေးကွက်သို့ တင်ပို့နေတဲ့ တိုက်ခိုက်ရေး ဒရုန်းတွေ ထုတ်လုပ်ရာမှာ ဦးဆောင်နိုင်ငံ ဖြစ်လာပြီး ပြည်တွင်းမှာ လိုအပ်တဲ့ လက်နက်အများစုကိုလည်း ကိုယ်တိုင် ထုတ်လုပ်နေပါတယ်။

အန်ကာရာမြို့ရှိ တူရကီ လေကြောင်းစက်မှုလုပ်ငန်း ဌာနချုပ်မှာ ပြည်တွင်းဖြစ် Gokbey ရဟတ်ယာဉ် မိတ်ဆက်တဲ့ အခမ်းအနားအတွင်း အာဒိုဂန်က အခုလိုမျိုး ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အဲဒီဌာနချုပ်ကို ပြီးခဲ့တဲ့ သီတင်းပတ်က ကာ့ဒ်လူမျိုး စစ်သွေးကြွတွေ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့တာပါ။

တူရကီက ထုတ်လုပ်သွားမယ့် သံမဏိကွန်ချာ လေကြောင်းရန် ကာကွယ်ရေးစနစ်ဟာ အစ္စရေးရဲ့ နာမည်ကျော် သံကွန်ချာ လေကြောင်းရန် ကာကွယ်ရေး စနစ်လို စွမ်းပကား မြင့်မားလိမ့်မယ်လို့ သမ္မတ အာဒိုဂန်က ပြောပါတယ်။

မိမိတို့ လုံခြုံရေး အတွက် အလွှာလိုက် လေကြောင်းရန် ကာကွယ်ရေး ဘယ်လောက်တောင် အရေးတကြီး လိုအပ်နေပြီ ဆိုတာကို အခုအချိန်မှာ အများကြီး ပိုနားလည်လာရကြောင်းလည်း သမ္မတက ပြောဆိုခဲ့တာပါ။

ဒါပေမဲ့ သူက သံမဏိကွန်ချာ လေကြောင်းရန် ကာကွယ်ရေးစနစ် အပြီးသတ် ထုတ်လုပ်နိုင်မယ့် အချိန်ကို မပြောဘဲ အစ္စရေးမှာ သံကွန်ချာ လေကြောင်းရန် ကာကွယ်ရေး စနစ်ရှိတာကြောင့် မိမိတို့မှာလည်း သံမဏိကွန်ချာ လေကြောင်းရန် ကာကွယ်ရေးစနစ် ရှိရမယ်လို့ ပြောပါတယ်။

တချိန်တည်းမှာပဲ တာဝေးပစ် ဒုံးကျည်တွေရဲ့ စွမ်းပကားတွေကို တိုးမြှင့်ရေး ကြိုးပမ်းသွားမှာ ဖြစ်တယ်လို့ သမ္မတ အာဒိုဂန်က ပြောပါတယ်။

ကာကွယ်ရေး လုပ်ငန်းနယ်ပယ်မှာ လုံးဝ အမှီအခိုကင်းတဲ့အထိ တူရကီက မရပ်မနား ကြိုးပမ်းသွားမယ်လို့လည်း သူက ပြောပါတယ်။

အစ္စရေးရဲ့ သံကွန်ချာ လေကြောင်းရန် ကာကွယ်ရေးစနစ်ဟာ နယ်နိမိတ်အတွင်း ပစ်ခတ်လိုက်တဲ့ ဒုံးကျည်တွေကို ကြားဖြတ် ပစ်ချနိုင်ရေး တီထွင်ထားတာ ဖြစ်ပါတယ်။

၂၀၁၁မှာ စတင် အသုံးပြုခဲ့ပြီး ဒုံးကျည်တွေ လက်နက်ကြီးကျည်တွေနဲ့ ပျံနေတဲ့ ဒရုန်းတွေကို ကြားဖြတ်ပစ်ချဖို့ ရေဒါ လမ်းညွှန် ဒုံးကျည်တွေကို အသုံးပြုထားတဲ့ စနစ် ဖြစ်ပါတယ်။

တူရကီအနေနဲ့ ရုရှားထံကနေ အက်စ်-၄၀၀ ဒုံးကျည်တွေ ဝယ်ယူမှုကြောင့် အမေရိကန်က အန်ကာရာ ကာကွယ်ရေးလုပ်ငန်းတွေ အပေါ် ၂၀၂၀ ဒီဇင်ဘာက အရေးယူ ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပါတယ်။

အက်ဖ်-၃၅ ကိုယ်ပျောက် တိုက်လေယာဉ်တွေ ထုတ်လုပ်သူ၊ ဝယ်ယူခွင့် ရှိသူ ဖြစ်လာမယ့် အစီအစဉ်ကနေလည်း တူရကီကို အမေရိကန်က ဖယ်ရှားခဲ့တာဖြစ်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.