အမှန်/အမှား
++++++++++
မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။
ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။
ဒီကနေ့မှာတော့ “လောင်းလုံးမြို့ နယ်မှာ စစ်ကောင်စီတပ်က ဒေသခံလူငယ်တွေကို ဖမ်းဆီးသတ် ဖြတ်ပြီး PDF တွေကို ဖမ်းဆီးရှင်းလင်းခဲ့တယ်”ဆိုပြီး စစ်တပ်လော်ဘီတွေ လုပ်ကြံဝါဒဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီအကြောင်းကို စစ်ကောင်စီတပ်လော်ဘီတွေရဲ့ လူမှုကွန်ရက်နဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ အောက်တိုဘာ ၂၃ ရက်နေ့က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။
ဖြစ်စဉ်မှာတော့ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်မှာ စစ်ကြောင်းထိုးခဲ့တဲ့ စစ်ကောင်စီတပ်သားတွေဟာ ဒေသခံလူငယ်နှစ်ဦးကို လည်လှီးသတ်ဖြတ်ပြီး မြေနဲ့ဖုံးထားခဲ့တယ်လို့ လွတ်လပ်သော သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
တပ်အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ အောက်တိုဘာ ၁၂ ရက်နေ့ကစပြီး လောင်းလုံးမြို့နယ်အောက်ပိုင်း အောက်ရေဖြူကျေးရွာက အသက် ၂၅ နှစ်အရွယ် ကိုမင်းကိုအပါ အဝင် နောက်ထပ်လူငယ်တစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီးနောက် ရုပ်အလောင်းတွေကို ညှင်းမော်ကျေးရွာ ဘောလုံးကွင်းအနီးမှာ မြေနဲ့ဖုံးထားခဲ့တာလို့ ဒေသခံတွေကို မေးမြန်းကာ သံလွင်တိုင်းမ်သတင်းဌာနက ဖော်ပြထားပါတယ်။
ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ လူငယ်နှစ်ဦးရဲ့ ရုပ်အလောင်းကို ပြန်လည်တူးဖော်တဲ့အခါ လည်ပင်းလှီး ဖြတ်ဒဏ်ရာ၊ မျက်နှာတစ်ခုလုံး ထုထောင်းရိုက်နက်ခံထားရလို့ ကြေမွဒဏ်ရာ၊ ခန္ဓာကိုယ်အနှံ့ အ ညိုအမဲစွဲဒဏ်ရာရ၊ မျက်နှာပုဝါစည်းပြီး လက်နောက်ပြန်ကြိုးတုပ်ထားတဲ့ အနေအထားနဲ့ ပြန်လည်တွေ့ရှိခဲ့တယ်လို့ သံလွင်တိုင်းမ်သတင်းဌာနက ဖော်ပြထားပါတယ်။
ဒါအပြင် အောက်တိုဘာ ၁၆ ရက်နေ့မှာ ကဒက်ငယ်ထိန်ရွာက ကိုကမ်းကမ်းမှာလည်း စစ်ကောင်စီစစ်ကြောင်းနဲ့တွေ့ပြီး ပစ်သတ်ခံခဲ့ရပြီး ကျန်းမာရေးမကောင်းလို့ ကဒက်ငယ်ထိန်ရွာရှိ နေအိမ်ပေါ်မှာ အိပ်နေတဲ့ အသက် ၇၀ ကျော်အရွယ် ဒေါ်မငယ်လည်း စစ်ကောင်စီတပ်သားတွေ ပစ်ခတ်လိုက်တဲ့ကျည်ဆံထိမှန်ပြီး နောက်တစ်ရက်အကြာ ၁၇ ရက်နေ့မှာ သေဆုံခဲ့တယ်လို့ တနင်္သာရီတိုင်းမ်သတင်းဌာနက ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်က သာမန်အရပ်သားပြည်သူတွေကို သတ်ဖြတ်ပြီး ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေမှာ လက်နက်ကိုင်တပ်ဖွဲ့ဝင်နှစ်ဦး ရုပ်အလောင်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပြီး လုပ် ကြံရေးသား ဖော်ပြထားတာဖြစ်ကြောင်း ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော် မတီကလည်း သတင်းထုတ်ပြန်ထားပါတယ်။
ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီထုတ်ပြန်ချက် လင့်
သံလွင်တိုင်းမ်သတင်းဌာနက ဖော်ပြထားတဲ့ လင့်
တနင်္သာရီတိုင်းမ် သတင်းဌာနက ဖော်ပြထားတဲ့လင့်
ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှားဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။
သံလွင်တိုင်းမ်