သရက်ချောင်း၊ အောက်တိုဘာ ၂၇

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ပြီး စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

တပ်အင်အား ၁၃၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ အောက်တိုဘာ ၂၅ ရက်နေ့ မနက်ပိုင်းကစပြီး သရက်နှစ်ခွ၊ ပန်းပြင်နဲ့ မဲနယ်အိုးကျေးရွာတွေကို အင်အားဖြန့်ခွဲပြီး စစ်ကြောင်းထိုးဝင်ရောက်လာတာပါ။

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ လက်ရှိမှာတော့ ကျေးရွာတွေအတွင်း ဝင်ရောက်တပ်စွဲထားသလို လမ်းသွားလမ်းလာပြည်သူတွေကိုလည်း ပိတ်ဆို့ရှာဖွေစစ်ဆေးတာတွေ လုပ်ဆောင်နေပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ ကျေးရွာတွေအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရဲ့ နှစ်ရက်အ တွင်း လက်နက်ကြီးပစ်ခတ်မှု အကြိမ် ၂၀ ကျော် ပြုလုပ်ထားတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် သရက်နှစ်ခွရွာလယ်က ဘုန်းကြီးကျောင်း ထိမှန်ပျက်စီးတာတွေ ရှိခဲ့ပေမယ့် လူထိခိုက်ဒဏ်ရာရတာ မရှိပါဘူး။

ပြီးခဲ့တဲ့ အောက်တိုဘာ ဒုတိယအပတ်အတွင်း တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် အောက်ရေဖြူကျေးရွာအုပ်စုထဲကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတဲ့အတွက် ဒေသခံ ၅၀၀၀ ကျော် ထွက် ပြေးခဲ့ရပါတယ်။

ဒေသတွင်း သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Thanintharyi ရဲ့ အစီရင်ခံစာအရ တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုး ဝင်ရောက်မှုတွေအပြင် လက်နက် ကြီးနဲ့ ဒရုန်းဗုံးသီချ တိုက်ခိုက်တာတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူ ၆၀,၀၀၀ နီးပါး ရှိခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.