“စစ်ကောင်စီကတော့ နယ်မြေစိုးမိုးမှု ဆိုတာထက် ကျွန်တော်တို့ရဲ့ထိန်းချုပ်နယ်မြေတွေကို သူတို့က ပြန်လည်ရယူချင်တဲ့ သဘောပဲ။ သူတို့က မြို့နဲ့ဘေးပတ်ဝန်းကျင်မှာရှိတဲ့ ဆင်ခြေဖုံးရပ်ကွက်တွေကို ပြန်ပြီးတော့ စိုးမိုးနယ်မြေအဖြစ် ပြန်ရအောင် လုပ်နေတဲ့သဘော တွေ့ရတယ်” – ရဲဘော်ဂျိုကာ (တနင်္သာရီတိုင်း စစ်ဌာန)

မြန်မာနိုင်ငံ တောင်ဘက်စွန်း တနင်္သာရီတိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီ စစ်ကြောင်းကို လက်ရှိမှာ တော်လှန်ရေးတပ်ဖွဲ့တွေက ခုခံတိုက်ခိုက်နေရတဲ့ အနေအထားမှာရှိပါတယ်။ စစ်ကောင်စီက သူတို့ဘက်ကနေ လက်လွှတ်ထားရတဲ့ နယ်မြေတွေကို ပြန်လည်သိမ်းပိုက်နိုင်ဖို့အတွက် စစ်ကြောင်းထိုး ကြိုးပမ်းလာတဲ့အခြေအနေတွေက ဘယ်လို ရှိနေပါသလဲ။

အဲဒီ တနင်္သာရီဒေသက စစ်ကောင်စီရဲ့ ထိုးစစ်ဆင်မှုတွေအကြောင်း၊ အရင်ကနဲ့စာရင် အခုစစ်ကြောင်းထိုးတဲ့ပုံစံတွေရဲ့ ပြောင်းလဲလာမှုတွေ၊ ဒရုန်းအသုံးပြုတိုက်ခိုက်မှုတွေ၊ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ အခက်အခဲနဲ့ စစ်ကောင်စီရဲ့ စစ်ဆင်ရေးပုံစံတွေအကြောင်း သိရနိုင်ဖို့ တနင်္သာရီတိုင်း စစ်ဌာန ပြန်ကြားရေးတာဝန်ခံ ရဲဘော် ဂျိုကာနဲ့ သံလွင်တိုင်းမ်က အခုလိုပဲ မေးမြန်းထားပါတယ်။

မေး – အရင်ဦးဆုံးအနေနဲ့ လက်ရှိ တနင်္သာရီတိုင်းမှာ တိုက်ပွဲဖြစ်ပွားတဲ့ အခြေအနေ ဘယ်လိုရှိလဲ။

ဖြေ – တနင်္သာရီတိုင်း အခြေအနေကတော့ စစ်ကောင်စီဘက်က ထိုးစစ်ဆင်တာတွေရှိတယ်။ တစ်တိုင်းလုံးနီးပါးပါပဲ။ ထားဝယ်ခရိုင်နဲ့ မြိတ်ခရိုင်ပေါ့။ စစ်ကောင်စီဘက်က ထိုးစစ်ဆင်လာတာတွေ ရှိတယ်။

ကျွန်တော်တို့ဘက်ကလည်း တန်ပြန်ခုခံတော်လှန်စစ်တွေ ဆင်နွှဲနေတာ ရှိတယ်။ တချို့တိုက်ပွဲတွေဆို ရက်ရှည်တယ်။ ၇ ရက်၊ ၈ရက်အထိ တိုက်ပွဲတွေရှိတယ်။ သူတို့ဘက်က လှုပ်ရှားနယ်မြေတွေကို ဝင်လာရင် ကျွန်တော်တို့က ပြန်လည်ပြီးတော့ ခုခံတော်လှန်စစ် ဆင်နွှဲနေတယ်။

စစ်ကောင်စီကတော့ နယ်မြေစိုးမိုးမှု ဆိုတာထက် ကျွန်တော်တို့ရဲ့ထိန်းချုပ်နယ်မြေတွေကို သူတို့က ပြန်လည်ရယူချင်တဲ့ သဘောပဲ။ဘယ်လိုဗျူဟာရှိလဲဆိုတာ သူတို့ကိုယ်တိုင်ပဲ သိမယ်။ သူတို့က မြို့နဲ့ဘေးပတ်ဝန်းကျင်မှာရှိတဲ့ ဆင်ခြေဖုံးရပ်ကွက်တွေကို ပြန်ပြီးတော့ စိုးမိုးနယ်မြေအဖြစ် ပြန်ရအောင်လုပ်နေတဲ့သဘော တွေ့ရတယ်။

မေး – တိုင်းထဲက မြို့နယ်တွေမှာ နယ်မြေစိုးမိုးမှုအတွက် စစ်ကောင်စီဘက်က စစ်ကြောင်းထိုးနေတဲ့ အခြေအနေရော ဘယ်လိုရှိလဲ။

ဖြေ – စစ်ကြောင်းထိုးတဲ့ပုံစံကတော့ အတူတူပါပဲ။ အရင်နဲ့ သိပ်ပြီးထူးခြားတာ မရှိပါဘူး။ ရွာတွေထဲဝင်တယ်။ မီးရှို့တယ်။ ကျွန်တော်တို့ စခန်းတွေနား အထိတော့ မရောက်လာသေးဘူး။ ကျွန်တော်တို့က ရွာပြင်ရောက်ရင် သူတို့ကို တိုက်ခိုက်တာရှိတယ်။ လေကြောင်းနည်းစနစ်နဲ့ တိုက်ခိုက်တာ ရှိတယ်။

မေး – လက်ရှိ စစ်ကြောင်းထိုးနေတာဟာ နယ်မြေစိုးမိုးမှုအတွက် စစ်ကောင်စီက တန်ပြန်ထိုးစစ် ဆင်နေတယ်လို့ ပြောလို့ရမလား။ အဲဒီအပေါ်မှာရော ဘယ်လိုမြင်လဲ။ အရင်ကနဲ့ အခုနောက်ပိုင်း စစ်ကြောင်းထိုးတဲ့အခါတွေမှာ ဘာကွာခြားချက်တွေ တွေ့ရလဲ။

ဖြေ – စစ်ကြောင်းထိုးတဲ့ ပုံစံကတော့ အတူတူပါပဲ။ ကျွန်တော်တို့ရဲ့ တပ်ရင်းတပ်စခန်းတွေကို မလာနိုင်ဘူး။ လာလည်း မလာကြဘူး။ ရွာတွေထဲဝင်တယ်။ လေယာဉ်တွေကို ဖျက်ဆီးတယ်။ မီးရှို့တယ်။ လူတွေတွေ့ရင် ဖမ်းတယ်။ သတ်တယ်။

ကျွန်တော်တို့ ရွာထဲမှာတော့ ဝင်မတိုက်ဘူး။ ရွာပြင်ထွက်လာပြီဆိုရင် တိုက်ခိုက်တယ်။ ခုခံကာကွယ်စစ်ဆင်နွှဲတယ်။ သူတို့မှာ အရင်လိုစစ်တိုက်ရဲတဲ့ စစ်ခွေးတွေ မရှိသလောက်ဖြစ်နေပြီ။

အခုစစ်တပ်မှာ အိုနာကျိုးကန်းတွေနဲ့ စစ်မှုထမ်းဥပဒေအရ ခေါ်ထားတဲ့သူတွေ ဖြစ်ရင်ဖြစ်မယ်။ သူတို့လိုက်လံ ဖမ်းဆီးပြီးတော့ ခေါ်သွင်းထားတဲ့လူငယ်တွေ ဖြစ်မယ်။ အဲဒီ လူငယ်တွေကို လက်နက်ပေးပြီး တိုက်ခိုင်းသလို ဖြစ်နေတယ်။

မေး အခုနောက်ပိုင်း စစ်ကောင်စီက စစ်ကြောင်းထိုးတဲ့အခါ ဒရုန်းတွေကို ပိုမိုအသုံးပြုလာတာ တွေ့ရတယ်။ အဲဒီအပေါ်မှာ ဘယ်လိုမြင်လဲ။

ဖြေ – စစ်ကောင်စီဘက်ကလည်း ဒရုန်းတွေသုံးတာ တွေ့ရတယ်။ ဒါကဘာမှထွေထူးပြောစရာ မရှိပါဘူး။ ဒရုန်းနဲ့ပတ်သက်ပြီး ကြိုတင်ပြင်ဆင်ထားတာတွေလည်း ရှိပါတယ်။

မေး – ဘယ်လို ဒရုန်း အမျိုးအစားတွေကို သုံးတာ တွေ့ရလဲ။ တော်လှန်ရေး အင်အားစုတွေအနေနဲ့ရော စကစရဲ့ ဒရုန်းအသုံးပြုမှုကြောင့် ဘယ်လို အခက်အခဲတွေ ရှိလဲ။

ဖြေ – သူတို့ဘက်က ဒရုန်းအကြီးလည်းပါတယ်။ အစုံပါပဲ။ အလေးချိန် တော်တော်လေး သယ်ဆောင်နိုင်တဲ့ ဒရုန်းလည်း ပါတယ်။ အဲဒီအပေါ် ဘယ်လိုအခက်အခဲရှိလဲဆို ကျွန်တော်တို့က လေယာဉ်ကိုတောင်မှ အံတုပြီးတိုက်နေတာပဲ။ ဒရုန်းအတွက်ကတော့ အခက်အခဲ တစ်စုံတရာတော့ မရှိပါဘူး။

မေး – နောက်ဆုံးအနေနဲ့ စစ်ကောင်စီရဲ့ စစ်ဆင်ရေး ပုံစံက‌ရော ဘယ်လိုရှိလဲ။

ဖြေ – စစ်ကောင်စီရဲ့ စစ်ရေးပုံစံကို ကြည့်ရတာ နောက်ဆုံး မီးစလေး ကုန်ခါနီးမှာ သူတို့မှာ ရှိတဲ့အားကို ဖြစ်ညှစ်ပြီးတော့ ရရာလူတွေကို နောက်ဆုံးတောက်တဲ့ မီးတောက်လေးပေါ့ဗျာ။ ကျွန်တော်တို့ ဝိုင်းတိုက်ဖို့လိုတယ်။ ဒါဆိုပွဲကသိမ်းပါပြီ။

သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.