“စကစက နယ်မြေထိန်းချုပ်ရေးအတွက် စစ်ဆင်ရေးတွေ လုပ်လာမယ်ဆိုရင်လည်း ကျွန်တော်တို့ဘက်ကတော့ အဆင်သင့်ပဲပေါ့။ တိုက်ခိုက်ဖျက်ဆီးဖို့ ပြင်ဆင်ထားတာတွေရှိပါတယ်” – MSRF ပြောခွင့်ရ နိုင်နဂါး

အာဏာသိမ်းပြီးတဲ့နောက် မွန်ပြည်နယ်တောင်ပိုင်းတခွင်မှာ မွန်ပြည်တော်လှန်ရေးတပ် အပါအဝင် မွန်တပ်တွေဟာ စစ်အာဏာရှင်ကို တွန်းလှန်တိုက်နေကြဆဲဖြစ်ပါတယ်။ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးလို အရေးပါတဲ့ဆက်သွယ်ရေး လမ်းပိုင်းတွေကို လက်နက်ကိုင်တပ်တွေ ထိန်းချုပ်ထားနိုင်ဆဲဖြစ်ပေမယ့် စစ်ကောင်စီက ပြန်လည်စိုးမိုးထိန်းချုပ်နိုင်ဖို့ လုပ်ဆောင်လာတာတွေလည်း ရှိနေပြန်ပါတယ်။

မွန်ပြည်နယ်တောင်ပိုင်း ဒေသတခွင်မှာ စစ်ကောင်စီဘက်က ပြန်လည်စိုးမိုးထိန်းချုပ်နိုင်ဖို့ ဘယ်လိုစစ်ရေးလှုပ်ရှားမှုတွေလုပ်ဆောင်ပါသလဲ။ ဒီလိုလုပ်ဆောင်မှုတွေကိုရော ဘယ်လိုတုံ့ပြန် ဆောင်ရွက်သွားဖို့ရှိမလဲ။ မွန်တပ်တွေကြားမှာ တပ်ပေါင်းစုအသွင် စုစည်းလှုပ်ရှားမှု ဖြစ်လာနိုင်တော့မလား။ လက်ရှိအချိန်မှာရော ဘယ်လို ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေမလဲဆိုတာ သိရဖို့ မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးနဲ့ သံလွင်းတိုင်းမ်က မေးမြန်းထားပါတယ်။

မေး – မွန်တောင်ပိုင်းက အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးအပါအဝင် ဒေသတဝိုက်ကို ပြန်လည်စိုးမိုးထိန်းချုပ်ဖို့ စစ်ကောင်စီဘက်က လောဆယ်မှာ ဘယ်လိုမျိုး စစ်ရေးလှုပ်ရှားတာတွေ ရှိနေလဲ။ ဒီအပေါ် MSRF နဲ့ မဟာမိတ်တွေဘက်က တန်ပြန်ထိုးစစ်တွေ လုပ်ဆောင်သွားဖို့ ရှိနေမလား။

ဖြေ – ဟုတ်ကဲ့ မင်္ဂလာပါခင်ဗျ။ အခု လောလောဆယ်မှာတော့ ကျွန်တော်တို့ မွန်ပြည်နယ်တောင်ပိုင်း အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်မှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးတာ၊ စစ်ဆင်ရေးလုပ်တာတော့ မရှိဘူး။

ဘာလို့ဆို သူတို့တပ်အင်အားတွေကို သန်းခေါင်စာရင်း ကောက်ယူတဲ့ နေရာမှာ အလုံးအရင်းနဲ့ အသုံးချနေတဲ့အတွက်ကြောင့် ပြည်ထောင်စုလမ်းမကြီးကို ပြန်လည်ထိန်းချုပ်ဖို့အတွက် သူတို့ ခဏတော့ ရွှေ့ဆိုင်းထားတယ် ထင်တယ်။

ဒါပေမယ့် သေချာတာကတော့ သန်းခေါင်စာရင်းကိစ္စတွေ ပြီးသွားရင် နယ်မြေထိန်းချုပ်ရေးအတွက် စစ်ဆင်ရေးတွေ ဖော်ဆောင်လာမှာ ဖြစ်တယ်။ တိုက်ပွဲတွေလည်း ပိုမိုပြင်းထန်လာမယ်လို့ ကျွန်တော် သုံးသပ်ပါတယ်။ သရက်ချောင်းနဲ့ထားဝယ် ပတ်ဝန်းကျင်မှာတော့ အမှတ် ၈ လမ်းမကြီးပေါ်မှာ ဗျူဟာကျတဲ့ တောင်ကုန်းတွေ နောက်ပြီးတော့ တော်လှန်ရေးအဖွဲ့အစည်းတွေ ဖြတ်သန်းသွားလာတယ်လို့ သတင်းရတဲ့ဒေသတွေမှာ ယာယီစခန်းတွေ၊ ဘန်ကာတွေ ခိုင်ခံ့စွာနဲ့ တည်ဆောက်ထားတာ ကျွန်တော်တို့ တွေ့ရတယ်။

ဒီ သံဖြူဇရပ်ဘက်မှာလည်း ရေး-သံဖြူဇရပ်ကြားမှာလည်း စံပြကျေးရွာနားမှာရှိတဲ့ ယာယီစခန်းကို သူတို့ဘန်ကာခိုင်မာစွာနဲ့တည်ဆောက်ဖို့ ကြိုးစားနေတဲ့အပေါ်မှာ ကျွန်တော်တို့ မွန်ပြည်တော်လှန်ရေးတပ်နဲ့ မဟာမိတ်တပ်တွေ ဝင်ရောက်ပူးပေါင်းတိုက်ခိုက်ခဲ့တာရှိတယ်။

သူတို့ စကစက နယ်မြေထိန်းချုပ်ရေးအတွက် စစ်ဆင်ရေးတွေ လုပ်လာမယ်ဆိုရင်လည်း ကျွန်တော်တို့ဘက်ကတော့ အဆင်သင့်ပဲပေါ့။ တိုက်ခိုက်ဖျက်ဆီးဖို့ ပြင်ဆင်ထားတာတွေရှိပါတယ်။

မေး – လက်ရှိမှာ မွန်လက်နက်ကိုင်တပ်တွေဖြစ်တဲ့ MSRF MSDF NMSP-AD MLA စတဲ့ တပ်တွေရဲ့ စစ်ရေးအရ ပူးပေါင်းမှုတွေ ဘယ်လိုအခြေအနေရှိလဲ။

ဖြေ – မွန်တော်လှန်ရေးတပ်တွေဖြစ်တဲ့ မွန်ပြည်တော်လှန်ရေးတပ် MSRF ၊ မွန်ပြည်ကာကွယ်ရေးတပ် MSDF၊ နောက်ပြီးတော့ NMSP-AD ဒီသုံးတပ်ကတော့ အောက်ခြေအဆင့်မှာ စစ်ဆင်ရေးတွေ နောက်ပြီးတော့ တိုက်ပွဲဖော်ဆောင်မှုတွေ စတင်လုပ်ဆောင်နေပါပြီ ခင်ဗျ။ MLA ပါဝင်လာဖို့လည်း ကျွန်တော်တို့ ပူးပေါင်းတပ်တွေ ညှိနှိုင်းဆွေးနွေးမှုတွေ ရှိနေပါတယ်။

ဒီ တပ်သုံးတပ်ကတော့ MSRF၊ MSDF နောက်ပြီး NMSP-AD ကတော့ လွန်ခဲ့တဲ့အပတ်က အမြောက်တပ်ကို ဒရုန်းနဲ့စစ်ဆင်ရေးအတူလုပ်ခဲ့ကြတယ်။ ပြီးရင် NMSP-AD နဲ့ မွန်ပြည်တော်လှန်ရေးတပ် MSRF၊ အခြားသော မဟာမိတ်များနဲ့ပူးပေါင်းပြီးတော့ ရေး-သံဖြူဇရပ်ကားလမ်းမပေါ်မှာ ရှိတဲ့ ကျွန်တော်တို့ထုတ်ပြန် ကြေညာထားတဲ့အတိုင်းပဲပေါ့။

စံပြကျေးရွာနားမှာရှိတဲ့ ယာယီ ၅၈၈ တပ်ရင်းရဲ့ စခန်းပေါ့။ လမ်းမ လုံခြုံရေးအတွက် ဖြစ်လာမယ့် အထိုင်စခန်းလေးပေါ့။ အဲဒီ စခန်းကို ကျွန်တော်တို့သွားရောက် တိုက်ခိုက်ခဲ့တာရှိတယ်။ ရှေ့အနာဂတ်မှာလည်း ပူးပေါင်းပြီးတော့ စစ်ရေးဖော်ဆောင်မှုတွေ စစ်ဆင်ရေးတွေ လုပ်ဆောင်ဖို့ စီစဉ်သွားပါမယ်။

မေး – ဒီတပ်တွေအနေနဲ့ စစ်ရေးအပြင် နိုင်ငံရေးအရပါ ပူးပေါင်းနိုင်မယ့် တပ်ပေါင်းစုအသွင်ဖြစ်ဖို့ ကြိုးပမ်းနေပြီလား။ ဘယ်အတိုင်းအတာအထိ ရောက်ပြီလဲ။

ဖြေ – အခုလို မွန်တပ်တွေ တကွဲတပြားဖြစ်လာတဲ့အပေါ်မှာ ကျွန်တော်တို့ မွန်ပြည်တော်လှန်ရေးတပ် MSRF အနေနဲ့ မြင်တာကတော့ မွန်ပြည်နယ်တစ်ခုလုံးကို ကိုယ်စားပြုနိုင်မယ့် မွန်တပ်တစ်တပ် အဖြစ် ကျွန်တော်တို့ အသွင်ပြောင်းနိုင်မှသာလျှင် မဟာဗျူဟာကျတဲ့ စစ်တပ်တစ်တပ် ပုံစံတည်ဆောက်နိုင်မှသာလျှင် ကျွန်တော်တို့ လိုချင်တဲ့ ပန်းတိုင်ကို အမြန်ဆုံးရောက်နိုင်မှာဖြစ်တယ်။

ဒီတပ်တွေက မတူကွဲပြား၊ ခြားနားရတဲ့ အကြောင်းရင်းတွေက အားလုံးသိကြတဲ့အတိုင်းဖြစ်တယ်။ တည်ဆောက်ထားတဲ့ပုံစံနဲ့ အချိန်ကာလတွေက ကွဲပြားခြားနားကြတယ်။

ဥပမာ- MSRF၊ MSDF က နွေဉီးတော်လှန်ရေးနဲ့အတူ အရင်က ပါဝင်ခဲ့တဲ့ မွန်ပြည်သူများနဲ့ နောက်မျိုးဆက်သစ် GZ မွန်ပြည်သူများ ပေါင်းစည်းပြီးတော့ ဖွဲ့စည်းပေါ်ပေါက်လာတဲ့ တပ်ဖြစ်ပြီးတော့ ဒီတပ်နှစ်တပ်က ဦးတည်ချက်၊ ရည်မှန်းချက်၊ တူညီချက်တွေက ပေါင်းစည်းသွားပြီဖြစ်တယ်။ တပ်တစ်တပ်တည်း မဟုတ်တောင်မှ Commend Center (ကွပ်ကဲရေးဌာန) တစ်ခုအောက်မှာ ရောက်ရှိနေပြီလို့ ကျွန်တော်တို့ ပြောလို့ရပါတယ်။

ဒီလိုပဲ။ MSRF၊ MSDF ပေါ်ပေါက်စဉ်ကာလက ဒီတော်လှန်ရေးကြီးထဲမှာ ပါဝင်လာတဲ့ နဂိုရှိရင်းစွဲ မွန်ပြည်သစ်ပါတီလက်အောက်ခံ တပ်တွေကို ကျွန်တော်တို့နဲ့အတူ လက်တွဲပါဝင်တိုက်ပွဲဝင်ဖို့ ကျွန်တော်တို့ စည်းရုံးဆွေးနွေးခဲ့တာရှိတယ်။ သူတို့က NCA လမ်းကြောင်းအတိုင်း သွားတဲ့အပေါ်မှာ ကျွန်တော်တို့ ပါမလာဘူးပေါ့။

အခုနောက်ပိုင်း AD ကထွက်လာတယ်။ သူတို့ရပ်တည်ချက်ကလည်း ပါတီပုံစံနဲ့ သွားတဲ့အခါကျတော့ ပြည်သူတစ်ရပ်လုံးကို ကိုယ်စားပြုဖို့ကတော့ နည်းနည်း အခက်အခဲရှိနေတယ်လို့ မြင်တယ်။ ပြည်သူအားလုံးကို ကိုယ်စားပြုတဲ့တပ်တွေ အားလုံး ဖြစ်နိုင်ဖို့က ဒီတပ်တွေအားလုံးပေါင်းစည်းဖို့ လိုတယ်။

ဒီတပ်တွေအားလုံး ပေါင်းစည်းဖို့ကလည်း နိုင်ငံရေးရည်မှန်းချက်၊ ဦးတည်ချက်၊ ဖွဲ့စည်းပုံတွေကလည်း တူညီဖို့ မူဝါဒတွေကလည်း တူညီဖို့ လိုတယ်။ ဒီလက်နက်ကိုင်တော်လှန်ရေး မွန်တပ်တွေအားလုံး တစ်ခုထဲ ဖြစ်လာနိုင်ဖို့အတွက်က အချိန်အတိုင်းအတာ တစ်ခုတော့ ပေးရပါလိမ့်မယ်လို့တော့ ကျွန်တော်မျှော်လင့်တယ်။

ဒါပေမယ့် မတူကွဲပြားခြားနားတာတွေကို ကျွန်တော်တို့ အချိန်ယူ ညှိနှိုင်းရင်းနဲ့ ဘုံရန်သူကို ကျွန်တော်တို့ အတူလက်တွဲတိုက်ဖို့ကတော့ ကျွန်တော်တို့ဆက်လက်ပြီးတော့ တိုက်ပွဲဝင်သွားမယ်ဆိုရင် တဖြည်းဖြည်းနဲ့ နီးစပ်မှုတွေ ရှိလာပြီးတော့ နိုင်ငံရေး၊ စစ်ရေး၊ ပူးပေါင်း ပါဝင်မှု တပ်ပေါင်းစုအသွင် တည်ဆောက်နိုင်လိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ အချိန်အတိုင်းအတာတစ်ခုတော့ ပေးရပါလိမ့်မယ်။

မေး – တခြား ဘာဖြည့်စွက်ပြောချင်တာ ရှိမလဲ။

ဖြေ – အခုလိုဖြေကြားသွားတဲ့အပေါ်မှာ ကျွန်တော်နားလည်ပါတယ်။ မွန်ပြည်သူတစ်ရပ်လုံးကတော့ ဝမ်းသာကျေနပ်ကြလိမ့်မယ် မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆို ပြည်သူတွေက တစ်ပေါင်းတစ်စည်တည်း ရှိတဲ့မွန်တပ်ကို မြင်တွေ့ ချင်နေကြလို့သာပဲ။

သို့သော်လည်း အခြေအနေအကြောင်းကြောင့် နိုင်ငံရေးမူဝါဒလမ်းစဉ်တွေအပေါ်မှာ မတူကွဲပြားခြားနားနေသေးတဲ့အတွက်ကြောင့် အချိန်အတိုင်းအတာတစ်ခုထိတော့ စောင့်ရပါမယ်။

အကယ်၍ တပ်ပေါင်းစုကြီးက ပါတီတစ်ပါတီ၊ အဖွဲ့တစ်ခုတည်းကိုပဲ ကိုယ်စားမပြုဘဲ မွန်ပြည်သူ တစ်ရပ်လုံးကို ကိုယ်စားပြုတဲ့တပ် ဖြစ်လာမယ်ဆိုရင် ကျွန်တော်တို့ MSRF MSDF တပ်တွေက မနက်ဖြန်ပဲ အသွင်ကူးပြောင်းပြီးတော့ တပ်တစ်တပ်ထဲ ဖြစ်ဖို့ အဆင်သင့် ရှိနေပါတယ်လို့ ကျွန်တော်ပြည်သူတွေကို ပြောကြားလိုပါတယ်။ ဟုတ်ကဲ့ပါခင်ဗျ။

သံလွင်တိုင်းမ်

ဓာတ်ပုံ – MSRF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.