လောင်းလုံး၊ အောက်တိုဘာ ၁၅

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အောက်တိုဘာ ၁၂ ရက်နေ့က တပ်အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ လောင်းလုံးမြို့နယ် ညှင်းမော်ကျေးရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲနေထိုင်တာပါ။

ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို အောက်တိုဘာ ၁၃ ရက်နေ့ မနက်ပိုင်းမှာ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့အရင်းဆုံး သွားရောက်တိုက်ခိုက်ခဲ့တာပါ။

အဲဒီနောက် စစ်ကောင်စီတပ်ဟာ စပ်ပြဲကျေးရွာထဲကို ဒရုန်းနဲ့ပြန်လည်တိုက်ခိုက်ခဲ့တဲ့အတွက် ကျေးရွာနေ ဒေသခံတွေဖြစ်တဲ့ အသက် ၆၀ အရွယ် အမျိုးသားတစ်ဦးအပါအဝင် ဒေသခံသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

အောက်တိုဘာ ၁၄ ရက်နေ့ မနက်ပိုင်းမှာလည်း နှစ်ဖက်အပြန်အလှန် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်က ပစ်ချလိုက်တဲ့ ဒရုန်းဗုံးတစ်လုံး နေအိမ်အပေါ် ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာမှုနဲ့အတူ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုတွေကြောင့် ညှင်းမော်၊ ညှင်းပုတ်၊ စပ်ပြဲ၊ ရေဖြူ၊ ဂေါ့အင်းကျေးရွာတွေက ဒေသခံထောင်နဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရ တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.