ဗီယန်ကျန်း၊ အောက်တိုဘာ ၁၄

မြန်မာနိုင်ငံမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ချက်ချင်း ရပ်တန့်ဖို့နဲ့ ပြည်တွင်းစစ် အဆုံးသတ်ရေး အားလုံး ပါဝင်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ စတင်ဖို့ အာဆီယံ ခေါင်းဆောင်တွေက အောက်တိုဘာ ၁၃ ရက်မှာ တိုက်တွန်းလိုက်ကြပါတယ်။

လာအိုနိုင်ငံမှာ ကျင်းပပြီး အောက်တိုဘာ ၁၁ ရက်မှာ အဆုံးသတ်ခဲ့တဲ့ အာဆီယံ ၁၀ နိုင်ငံ အစည်းအဝေးအပြီးမှာ အာဆီယံအဖွဲ့ ဥက္ကဋ္ဌက ဘုံသဘောတူညီချက်ကို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

အဲဒီညီလာခံကို ရုရှား၊ တရုတ်နဲ့ အမေရိကန်၊ ဂျပန်၊ အိန္ဒိယနဲ့ တောင်ကိုရီးယား သံတမန်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံရဲ့ ပိုမို ကျယ်ပြန့်လာနေတဲ့ စစ်ပွဲနဲ့ ပတ်သက်လို့ အာဆီယံက တိုက်ခိုက်မှုတွေ ချက်ချင်း ရပ်တန့်ရေး၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ ပေးနိုင်မယ့် အခြေအနေတွေ ဖန်တီးရေး၊ အားလုံး ပါဝင်တဲ့ ဆွေးနွေးမှုတွေ စတင်နိုင်မယ့် အခြေအနေ ဖန်တီးရေး တိုက်တွန်းထားပါတယ်။

အဲဒီဆွေးနွေးမှုတွေကို မြန်မာနိုင်ငံသားတွေက ဦးဆောင်ပြီး ကိုယ်တိုင် ဆွေးနွေး ဖြေရှင်းရမယ်လို့ အာဆီယံရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြားက ပြည်တွင်းစစ်ဟာ အာဆီယံအတွက် အဓိက စိုးရိမ်စရာ ဖြစ်နေပြီး စစ်တပ် အာဏာသိမ်းပြီးနောက် အကောင်အထည် ဖော်ခိုင်းထားတဲ့ အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်ဟာလည်း တိုးတက်မှု မရှိသလောက် ဖြစ်နေပါတယ်။

မြန်မာနိုင်ငံလူဦးရေရဲ့ သုံးပုံ တစ်ပုံကျော်၊ လူပေါင်း ၁၈ ဒသမ ၆ သန်း လောက်ဟာ လူသားချင်းစာနာထောက်ထားရေး အကူအညီတွေ လိုအပ်နေပါတယ်။

အာဆီယံက မြန်မာ့ပြဿနာနဲ့ ပတ်သက်လို့ ထိုင်းက အခုနှစ် နှောင်းပိုင်းမှာ လက်ခံ ကျင်းပဖို့ စီစဉ်ထားတဲ့ တရားဝင် မဟုတ်တဲ့ အစည်းအဝေးကို ကြိုဆိုပြီး တခြားအာဆီယံနိုင်ငံတွေလည်း တက်ရောက်ဖို့ ရှိတယ်လို့ ဆိုပါတယ်။

အာဆီယံက အကြမ်းဖက် တိုက်ခိုက်မှုတွေ ချက်ချင်းရပ်တန့်ရေး တောင်းဆိုထားပေမယ့် စစ်ကောင်စီ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်လုပ်နိုင်အောင် ကမ္ဘောဒီယားက လေယာဉ်ဆီ ရောင်းချနေမှုနဲ့ ပတ်သက်လို့ တစ်လုံးတစ်ပါဒမျှ ပြောဆိုထားတာ မတွေ့ရပါဘူး။

နောက်ပြီး အရေးပါတဲ့ ရေလမ်းကြောင်းဖြစ်တဲ့ တောင်တရုတ်ပင်လယ် တစ်ခုလုံးနီးပါးကို အချုပ်အခြာ အာဏာပိုင်ဆိုင်တယ်လို့ ပြောထားတဲ့ တရုတ်နဲ့ ဖိလစ်ပိုင်၊ ဗီယက်နမ်တို့ အပါအဝင် အာဆီယံအဖွဲ့ဝင်တွေကြား ရေပြင် ဆိုင်ရာ အငြင်းပွားမှုတွေကြောင့် ထိပ်တိုက်တွေ့မှုတွေ ပိုများလာနေပါတယ်။

ဒီလို တောင်တရုတ်ပင်လယ်တွင်း ထိပ်တိုက်တွေ့မှုတွေကြောင့် ဖိလစ်ပိုင် တိုက်ခိုက်ခံရရင် ကာကွယ်ပေးမယ်ဆိုတဲ့ သဘောတူညီချက် ရယူထားတဲ့ အမေရိကန်လည်း ဒီပဋိပက္ခမှာ ပါဝင်လာနိုင်တဲ့ အန္တရာယ် ရှိနေတာဖြစ်ပါတယ်။

Ref:Bangkokpost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.