မကွေး အောက်တိုဘာ ၁၄

မကွေးတိုင်း စလင်းနဲ့ ပွင့်ဖြူမြို့နယ်တွေမှာ စစ်မှုထမ်းကိစ္စအတွက် စစ်ကောင်စီလက်အောက်ခံ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက ပြည်သူတွေဆီကနေ ထောက်ပံ့ကြေးတွေ ကောက်ယူနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။

စစ်ကောင်စီက သန်းခေါင်စာရင်း ကောက်ယူမယ့် ကာလကို အောက်တိုဘာ ၁ ရက်ကနေ ၁၅ ရက်အထိ သတ်မှတ်ထားတာဖြစ်ပြီး ကောက်ယူပြီးစီးတဲ့ ရွာတွေမှာ ချက်ချင်းဆိုသလို စစ်မှုထမ်း ထောက်ပံ့ကြေးတွေ ကောက်ယူနေတာဖြစ်တယ်လို့ သိရပါတယ်။

“ကျွန်မတို့ရွာက အုပ်ချုပ်ရေးမှူးက အတော်ဆိုးပါတယ်။ သန်းခေါင်စာရင်းလည်း ကောက်တယ်။ ကောက်ပြီးတာနဲ့ စစ်မှှုထမ်းအတွက်ဆိုပြီး ပိုက်ဆံကောက်တယ်။ ပေးစရာလည်းမရှိတော့ပါဘူး” လို့ ပွင့်ဖြူမြို့နယ်နေ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

သန်းခေါင်စာရင်းနဲ့ စစ်မှုထမ်း ထောက်ပံ့ကြေးကောက်ယူတဲ့ အုပ်ချုပ်ရေးမှူးတွေဟာ ကာကွယ်ရေးအဖွဲ့တွေလှုပ်ရှားတဲ့နေရာတွေနဲ့ အလှမ်းဝေးတဲ့နေရာတွေက ဖြစ်တယ်လို့ ဆိုပါတယ်။

တစ်အိမ်ထောင်ကို ကျပ် ၃၀၀၀၀ ကနေ ကျပ် ၁၅၀၀၀၀ အထိ ကောက်ယူတာတွေရှိပြီး မပေးနိုင်တဲ့ အိမ်တွေဟာ စစ်မှုထမ်းအတွက် မဲနှိုက်ကြရတယ်လို့ သိရပါတယ်။

ပွင့်ဖြူမြို့ပေါ်နဲ့ နီးစပ်တဲ့ အင်းဒေါင်း၊ ကျောင်းကုန်းကြီး၊ သာဂရ အစရှိတဲ့ ကျေးရွာတွေမှာ အင်းဒေါင်းက ကျပ် ၅၀၀၀၀၊ ကျောင်းကုန်းကြီးက ၁၅၀၀၀၀ကျပ်နဲ့ သာဂရက ၃၀၀၀၀ကျပ်ပေးရတယ်လို့ သိရပါတယ်။

စလင်းမြို့ပေါ်နဲ့ နီးစပ်တဲ့ကျေးရွာတွေမှာလည်း တစ်အိမ်ထောင်ကို ကျပ် ၂၀၀၀၀ ကနေ ၅၀၀၀၀ကျပ်အထိ ပေးရတာမျိုးတွေ ရှိနေတယ်လို့ သိရပါတယ်။

ဒီတစ်ကြိမ် စစ်မှုထမ်းထောက်ပံ့ကြေး ကောက်ယူတာဟာ သုံးကြိမ်မြောက်ဖြစ်ပြီး လေးကြိမ်မြောက်အတွက် မကြာခင်ကောက်ယူမယ့်အကြောင်း ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေက ကြေညာထားတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI (စလင်းမြို့မှာ စစ်မှုထမ်းဥပဒေနဲ့ပတ်သက်လို့ ဆွေးနွေးပွဲ ကျင်းပခဲ့စဉ် – ပုံဟောင်းဖြစ်ပါသည်)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.