အမှန်/အမှား

+++++++++++

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီကနေ့မှာတော့“မြိုင်မြို့နယ် ယာခင်းထဲမှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးငါးဦးကို စစ်ကောင်စီတပ်နဲ့ပျူစောထီးအဖွဲ့တွေ ဖမ်းဆီးသွားတဲ့သတင်းကို သတင်းအမှားပါ”ဆိုပြီး စစ်ကောင်စီဘက်က လုပ် ကြံဖြန့်ချီနေတာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းကို စစ်တပ်ထိန်းချုပ်ထားတဲ့ ကြေးမုံ၊ မြန်မာ့အလင်းသတင်းစာအပါအဝင် တပ်လော်ဘီတွေရဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ အောက်တိုဘာ ၉ ရက်နေ့က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ မကွေးတိုင်း မြိုင်မြို့နယ် လက်ထုတ်တောရွာအနီးမှာ အောက်တိုဘာ ၇ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေ စစ်ကြောင်းထိုးချိန် အမျိုးသမီးငါးဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ထုတ်ဖော်ပြောဆိုတာကို လွတ်လပ်သော သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့တွေဟာ ယာခင်းထဲမှာ စိုက်ပျိုးရေးလုပ်ငန်းခွင်ဝင်နေတဲ့ အသက် ၃၀ ဝန်းကျင်အရွယ်တွေဖြစ်တဲ့ မဝင်းနွယ်၊ မစိုးတင်၊ မအေးနွယ်၊ မခင်လှနဲ့ မသန်းအေးစတဲ့ အမျိုးသမီးတွေနဲ့ နွားနှစ်ကောင်ကိုလည်း ဆွဲဖမ်းသွားတာလို့ RFA သတင်းဌာနမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်နဲ့ပျူစောထီးအဖွဲ့တွေ ဖမ်းလို့ပါသွားတဲ့သူတွေဟာ အရွယ်ကောင်းတွေဆိုတော့ လိင်ပိုင်းဆိုင်ရာ စိုးရိမ်နေရပြီး ဖမ်းခံရတဲ့အမျိုးသမီးတွေမှာပါသွားတဲ့ ဖုန်းတွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေရွာကို ဖုန်းဆက်ပြီး ဆန် ၁၀ အိတ်၊ ဟင်းချိုမှုန့် ၃ ပိဿာ၊ ဆား ၅ ပိဿာနဲ့ ပြန်လဲဖို့ ပြောဆိုနေကြောင်း DVB သတင်းဌာနမှာ ဖော်ပြထားပါတယ်။

RFA သတင်းဌာနက ဖော်ပြထားတဲ့ လင့်

https://www.facebook.com/story.php?story_fbid=960328459461890&id=100064542350311&rdid=iSjkPpK78rsBilSN

DVB သတင်းဌာနကဖော်ပြထားတဲ့ လင့်

https://www.facebook.com/share/p/LcZgy27tScitZfAq

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.