သီပေါ၊ အောက်တိုဘာ ၁၀

ရှမ်းပြည်နယ် သီပေါမြို့နယ်မှာ စစ်ကောင်စီရဲ့ လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် သီလရှင်တစ် ပါး ပျံလွန်တော်မူခဲ့ပြီး ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက် ရေးတပ်မတော် TNLA က အောက်တိုဘာ ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်မှာ သီပေါမြို့ကို စစ်ကောင်စီတပ်မှ Y-12 လေယာဉ်နဲ့ တောင်မြို့ရပ်ကွက်၊ ပန်တိမ်တောင်ရပ်ကွက်၊ အုတ်ကျင်းရပ်ကွက်နဲ့ နမ့်ငုံးကျေးရွာတွေကို ဗုံးအလုံး ၅၀ ကျော် လာရောက်ကြဲချခဲ့တာပါ။

စစ်ကောင်စီရဲ့ ဗုံးကြဲမှုကြောင့် နမ့်ငုံးကျေးရွာ ဘုန်းကြီးကျောင်းဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး သီလရှင်တစ်ပါး ပျံလွန်တော်မူခဲ့ပြီး ဦးမြင့်လွင်တို့ လင်မယားနှစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါအပြင် တောင်မြို့ရပ်ကွက်၊ ပန်တိမ်တောင်ရပ်ကွက်နဲ့ အုတ်ကျင်းရပ်ကွက်ရှိ ဒေသခံပြည်သူတွေရဲ့ နေအိမ် ၁၀ လုံးကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အလားတူ အောက်တိုဘာ ၉ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်မှာလည်း ရွှေကျောင်းရပ်ကွက်နဲ့ ပန်တိမ်တောင်ရပ်ကွက်တွေကို စစ်ကောင်စီလေတပ်က ဗုံး ၁၀ လုံးထက်မနည်း ထပ်မံ ကြဲချတိုက် ခိုက်ခဲ့ပါတယ်။

ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ရွှေကျောင်းရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံး၊ ပြည်သူနေအိမ်တွေနဲ့ ပန်တိမ်တောင်ရပ်ကွက်အတွင်းရှိ ဦးအိုက်တူးရဲ့ နေအိမ်လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နိုင်ငံတဝန်းမှာ အခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအထိ ရှစ်လတာကာလအတွင်း စစ်ကောင်စီရဲ့ လေ ကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၈၁၃ ဦး သေဆုံးခဲ့တယ်လို့ ဉာဏ်လင်းသစ်သုတေ သနအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – TNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.