မော်လမြိုင် ၊ အောက်တိုဘာ ၈

အာဏာသိမ်းစစ်ကောင်စီရဲ့ မွန်ပြည်နယ် မော်လမြိုင်မြို့အနီး တည်ဆောက်မယ့် နိုင်ငံတကာအဆင့်မီ ဆိပ် ကမ်းနဲ့ အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်းဟာ သုံးနှစ်နီးပါး ရှိလာပေမယ့် လက်ရှိအချိန်ထိ လုပ်ငန်းမစနိုင် သေးဘူးလို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီဟာ မော်လမြိုင်မြို့အနီးမှာ နိုင်ငံတကာအဆင့်မီဆိပ်ကမ်းနဲ့ အပြည်ပြည်ဆိုင်ရာ လေဆိပ်အသစ် တည်ဆောက်ဖို့အတွက် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ပြည်ထောင်စုဝန်ကြီးတွေ ပါဝင်တဲ့ စီမံကိန်း အကောင်အထည်ဖော်ရေး ကြီးကြပ်မှု ဗဟိုကော်မတီကို ဖွဲ့စည်းခဲ့တာပါ။

စစ်ကောင်စီရဲ့ စီမံကိန်းဟာ သုံးနှစ်နီးပါး ရှိလာပေမယ့် လယ်ယာမြေတွေကို သိမ်းဆည်းတာနဲ့ လျော်ကြေး ပေးတဲ့ အခြေအနေသာ ရှိနေပြီး ဘာလုပ်ငန်းမှ စတင်နိုင်ခြင်း မရှိဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။

ဒေသခံတစ်ဦးကတော့ စီမံကိန်းနဲ့ ပတ်သက်ပြီး အကောင်အထည်ဖော် ဆောင်ရွက်တာ မတွေ့ရသလို သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေကိုတော့ အခကြေးငွေယူကာ စပါးတွေ ပေးစိုက်ထားတယ်လို့ ပြောပါတယ်။

“ဒီဘက်မှာက ဘာမှ အကောင်အထည်ဖော်တာ မတွေ့သေးဘူး။ သူတို့က စပါးတွေ ပေးစိုက်ထားတယ်။ တစ်ဧကကို သုံးသောင်းနှုန်းနဲ့ စပါးတွေ ပေးစိုက်ထားပြီးတော့ စပါးရိတ်သိမ်းချိန်မှ သူတို့လုပ်မယ်လို့တော့ ပြောတာ ကြားတယ်။ စောစောတုန်းကတော့ နီးစပ်ရာတွေ စိုက်ကျလို့ စကားတွေ ဘာတွေ များကြပြီးတော့ နောက်တော့ မူလပိုင်ရှင်တွေက စိုက်ရတာ နည်းနည်းများသွားတာပေါ့၊ သူတို့ စီမံကိန်းက မလုပ်ရသေးဘူး”လို့ ဆိုပါတယ်။

စစ်ကောင်စီက အပြည်ပြည်ဆိုင်ရာလေဆိပ်ကို မော်လမြိုင်ခရိုင် မုဒုံမြို့နယ်ရှိ ကော့ပရံ ကျေးရွာအနီးမှာ တည် ဆောက်ဖို့ လျာထားတာ ဖြစ်ပြီး နိုင်ငံတကာအဆင့်မီ ဆိပ်ကမ်းကိုတော့ မုဒုံမြို့နယ်ရှိ ပင်လယ် ထွက်ပေါက်နဲ့ နီးတဲ့ ဘလောက်ညောင်ဝိုင်းနဲ့ ဝဲကလိကျေးရွာကြားမှာ လျားထားတာပါ။

စီးပွားရေး လုပ်ငန်းရှင်တစ်ဦးကတော့ စစ်ကောင်စီ တည်ဆောက်မယ့် စီမံကိန်းတွေဟာ စီးပွားရေးအပြင် ပထဝီ အနေအထားအရပါ ဖြစ်လာနိုင်မယ့် စီမံကိန်းတစ်ခုမဟုတ်ဘူးလို့ ထောက်ပြတာပါ။

“ပထဝီအနေအထားအရလည်း ဒီလမ်းကြောင်းက ဝင်လာဖို့ဆိုတာ ဒီဘက်ဆိုလို့ရှိရင် ဒါ ယိုးဒယားကလည်း သူ့ဘာသူ ကုန်းလမ်းခရီးက တိုက်ရိုက်ပေါက်နေတဲ့ နိုင်ငံဆိုတော့ ဒီလေဆိပ်တွေ ဒီပင်လယ်ဆိပ်ကမ်းတွေကို ဒီလောက် သိပ်ပြီးတော့ သက်ရောက်မှာ မဟုတ်ဘူးလေ။ပွင့်ပွင့်လင်းလင်း ပြောရရင် မဖြစ်နိုင်ပါဘူး”လို့ ဆိုပါတယ်။

စစ်ကောင်စီခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက နိုင်ငံတကာ အဆင့်မီဆိပ်ကမ်းနဲ့ အပြည် ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်းကို အောင်မြင်အောင် လုပ်ဆောင်ဖို့ဆိုပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့က ဌာနဆိုင်ရာတွေနဲ့ အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ပါတယ်။

အဲဒီအစည်းအဝေးမှာတော့ စီမံကိန်းနဲ့ ပတ်သက်ပြီး လယ်ယာမြေနဲ့ အခြားမြေတွေကို လျော်ကြေး ပေးပြီး ဖြစ်တာကြောင့် လုပ်ထုံးလုပ်နည်းနဲ့အညီ အသုံးပြုခွင့်ရရှိဖို့ လုပ်ဆောင်ထားပြီး ဖြစ်သလို မြေယာပိုင်ဆိုင်မှု အတွက် မြေယာလုပ်ထုံးလုပ်နည်းနဲ့အညီ အမြန်ပြီးပြတ်အောင် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၆ ရက်နေ့ကလည်း စစ်ကောင်စီ တည်ဆောက်မယ့် အပြည်ပြည်ဆိုင်ရာ လေဆိပ် စီမံကိန်းကို စစ်ကောင်စီခန့် ပို့ဆောင် ဆက်သွယ်ရေး ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယ ဝန်ကြီး ဦးအောင်ကျော်ထွန်းနဲ့ စစ်ကောင်စီခန့် မွန်ပြည်နယ် ဝန်ကြီးချုပ်တို့ သွားရောက် ကြည့်ရှုစဉ် ဒရုန်းဗုံးနဲ့ တိုက်ခိုက်ခံခဲ့ရပါသေးတယ်။

မွန်ပြည်နယ်လွှတ်တော် ကိုယ်စားပြုကော်မတီကတော့ စစ်ကောင်စီရဲ့ စီမံကိန်းဟာ လူတစ်စု ကောင်းစားရေး အာဏာရှင် စီမံကိန်းမျှသာ ဖြစ်သလို တရားဝင် အစိုးရ မဟုတ်တာကြောင့် သူတို့ရဲ့ မြေယာ သိမ်းဆည်းတာ၊ ရောင်းချတာနဲ့ လက်ပြောင်း လက်လွှဲ ပြုလုပ်တာတွေဟာ တရားမဝင်ဘူးလို့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇူလိုင် ၁၁ ရက်နေ့မှာ ကြေညာ ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Google

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.