ဂျေရုစလင်၊ အောက်တိုဘာ ၁

အစ္စရေး မြေပြင်တပ်ဖွဲ့တွေဟာ အောက်တိုဘာ ၁ ရက်နေ့ မနက်အစောပိုင်းကစပြီး လက်ဘနွန်နိုင်ငံ တောင်ပိုင်းသို့ ဝင်ရောက်ခဲ့ပြီး ဟစ်ဇဘိုလာ စစ်သွေးကြွတွေကို ထိုးစစ်ဆင်မှု အရှိန်မြှင့်တင်လိုက်ပါတယ်။

ဟစ်ဇဘိုလာအဖွဲ့ကို ကာလရှည်ခေါင်းဆောင်ခဲ့တဲ့ နာဆရယ်လာ သေဆုံးခဲ့တဲ့ လေကြောင်း တိုက်ခိုက်မှု အပါအဝင် အစ္စရေးက ဟစ်ဇဘိုလာအဖွဲ့ရဲ့ ပစ်မှတ်တွေကို သီတင်းပတ် များစွာကြာ တိုက်ခိုက်ခဲ့ပြီးနောက် လက်ဘနွန်နိုင်ငံထဲကို ဝင်ရောက် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ဂါဇာစစ်ပွဲ အစပိုင်းမှာ ဟစ်ဇဘိုလာအဖွဲ့က အစ္စရေး မြောက်ပိုင်းကို ဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ဂါဇာမှာ အစ္စရေးရဲ့ တိုက်ပွဲတွေ ရပ်သွားတဲ့အထိ တိုက်ခိုက်သွားမယ်လို့ ကြွေးကြော်ထားခဲ့ပါတယ်။

အစ္စရေးနဲ့ ဟစ်ဇဘိုလာအဖွဲ့တို့ ကြား မြေပြင် ထိတွေ့မှု နောက်ဆုံး ဖြစ်ပွားခဲ့တာက ၂၀၀၆ ခုနှစ်က ဖြစ်ပါတယ်။

လက်ဘနွန်တောင်ပိုင်းမှာ ဟစ်ဇဘိုလာအဖွဲ့ရဲ့ ပစ်မှတ်တွေကို ထိန်းထိန်းသိမ်းသိမ်းနဲ့ ဒေသတွင်း မြေပြင်စီးနင်းမှုတွေ လုပ်ဆောင်နေတယ်လို့ အစ္စရေးစစ်တပ်ရဲ့ ကြေညာချက် တစ်ရပ်မှာ ဖော်ပြထားပါတယ်။

အဲဒီပစ်မှတ်တွေဟာ နယ်စပ်အနီး အစ္စရေးဘက်က ကျေးရွာတွေ အနားမှာ ရှိတာကြောင့် နယ်စပ်နေ ပြည်သူတွေ အန္တရာယ်ရှိတယ်လို့ အစ္စရေးက ပြောပါတယ်။

စစ်ဆင်ရေး ဘယ်လောက်ကြာမယ်ဆိုတာကို အစ္စရေးက မပြောထားပေမယ့် စစ်သားတွေဟာ မကြာသေးခင်ကမှ စစ်ဆင်ရေး အတွက် လေ့ကျင့်ခဲ့ကြတာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

နယ်စပ်ကနေ ထွက်ပြေးတိမ်းရှောင်သွားရတဲ့ အစ္စရေးနိုင်ငံသားတွေ နေရပ် ပြန်လာလို့ ရလောက်အောင် ဘေးကင်းတဲ့အထိ ဟစ်ဇဘိုလာ အဖွဲ့ကို တိုက်ခိုက်သွားမယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။

လေ့ကျင့်မှု အားကောင်းပြီး စစ်သားအင်အား ထောင်သောင်းချီရှိတဲ့ ဟစ်ဇဘိုလာအဖွဲ့မှာ ဒုံးကျည်တွေလည်း အများကြီး ပိုင်ဆိုင်ထား ပါတယ်။

လက်ဘနွန်မှာ တိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်အတွင်း လူ ၁၀၀၀ ကျော် သေဆုံးခဲ့ပြီး အဲဒီအထဲက လေးပုံ တစ်ပုံဟာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ဖြစ်တယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားထားပါတယ်။

ဂါဇာရှိ ဟားမာ့စ်အဖွဲ့က အစ္စရေးကို ဝင်ရောက် တိုက်ခိုက်ပြီး ဓားစာခံတွေ ဖမ်းဆီး ခေါ်ဆောင်သွားတာကြောင့် အစ္စရေးက လက်စားချေ တိုက်ခိုက်မှုတွေ ပြုလုပ်လာခဲ့တာပါ။

အဲဒီတုန်းက ဟားမာ့စ် အဖွဲ့နဲ့ တစ်သားတည်း ရပ်တည်ကြောင်း ပြသတဲ့အနေနဲ့ ဟစ်ဇဘိုလာအဖွဲ့က အစ္စရေးကို ဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။

အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ဟစ်ဇဘိုလာအဖွဲ့ရဲ့ တပ်မှူး အများစု သေဆုံးခဲ့ရသလို ပေဂျာတွေ လမ်းလျှောက် စကားပြောစက်တွေ ပေါက်ကွဲမှုကြောင့်လည်း ဟစ်ဇဘိုလာ တပ်ဖွဲ့ဝင် အများအပြား သေဆုံးခဲ့ရပါတယ်။

ဒါပေမဲ့ ဟစ်ဇဘိုလာအဖွဲ့က နယ်စပ်အနီးမှာ တပ်ဖွဲ့ဝင် ထောင်ချီ ချထားပြီး အစ္စရေးကို တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။

Ref:AP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.