လားရှိုး ၊ အောက်တိုဘာ ၂

စစ်ကောင်စီက တန်ပြန်ထိုးစစ်အဖြစ် ပြီးခဲ့တဲ့လကစတင်ကာ ပြည်သူတွေရဲ့ အသက်နဲ့ ဥစ္စာပစ္စည်းတွေ လုံခြုံရေးကို လုံးဝဂရုမစိုက်ဘဲ နိုင်ငံအနှံ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့တယ်လို့ ကိုးကန့်အဖွဲ့ MNDAA က ပြောပါတယ်။

ဒါကြောင့် ထိခိုက်သေဆုံးသူ တစ်နေ့ထက်တစ်နေ့ မြင့်တက်လာသလို ပြည်သူတွေရဲ့ အသက်မွေးဝမ်းကြောင်းတွေ ပြန်လည်ကောင်းမွန်လာခဲ့တဲ့ လားရှိုးမြို့ကို ဗုံးကြဲတိုက်ခိုက်တဲ့ ပစ်မှတ်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၃၀ ရက်နေ့ မနက် ၁ နာရီမထိုးခင်အချိန်မှာ အာဏာသိမ်းစစ်တပ်က ပေါင်ချိန်များတဲ့ ဗုံး ၃ လုံး ကို လားရှိုးမြို့ ရှိ အရပ်သားတွေ နေထိုင်တဲ့ရပ်ကွက်တွေမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီအတွက် ဒေသခံတစ်ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့သလို အဆောက်အဦးအများအပြားလည်း ပျက်စီးခဲ့တယ်လို့ MNDAA က ဆိုပါတယ်။

စက်တင်ဘာ ၁၈ ရက်နေ့မှာ ကြေညာခဲ့တဲ့ MNDAA ရဲ့ နိုင်ငံရေးရပ်တည်ချက်အရ ချက်ချင်းအပစ်ခတ်ရပ်စဲပြီး တရုတ်နိုင်ငံနဲ့ ပူးပေါင်းကာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးလမ်းစဉ်နဲ့ ဖြေရှင်းသွားမယ်လို့ ထုတ်ပြောထားတာပါ။

အဲဒီနောက် စစ်ကောင်စီကလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ PDF တွေကို လက်နက်စွန့် ခိုင်းပြီး ပါတီနိုင်ငံရေး လွှတ်တော်လမ်းကြောင်းကနေ နိုင်ငံရေးပြဿနာ ဖြေရှင်းဖို့ စက်တင်ဘာ ၂၆ ရက်နေ့မှာ ကမ်းလှမ်းခဲ့ပါတယ်။

ဒါပေမယ့် စစ်ကောင်စီအနေနဲ့ အရေးနိမ့်ခဲ့ရတဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက် လားရှိုးမြို့ကို MNDAA က သိမ်းယူထားတဲ့အတွက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာ့အရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇော်က နှစ်ဖက်အဖွဲ့ရဲ့ ပြောဆိုမှုတွေဟာ တ ရုတ်ဖိအားပေးလို့ ပြောကြရတာဖြစ်တဲ့အတွက် အပစ်ခတ်ရပ်စဲဖို့နဲ့ နိုင်ငံရေးဆွေးနွေးဖို့ ဖြစ်လာစရာမရှိဘူးလို့ သုံးသပ်ပါတယ်။

“ကျွန်မကြည့်တာ ဒီလိုဗျ။ အပစ်ခတ်ရပ်စဲရေးတို့ နောက်ပြီးတော့ ကိုးကန့်ကပြောတာပဲ ဖြစ်ဖြစ် စစ်ကောင်စီက ပြောတာပဲဖြစ်ဖြစ် တရုတ်က တစ်စုံတစ်ရာ ဖိအားပေးလို့ ပြောကြရတာထင်တယ်။ တကယ့်တကယ် အခိုင်အမာကတော့ ဖြစ်လာစရာအကြောင်းမရှိဘူးဗျ။ အပစ်ခတ်ရပ်စဲရေးလည်း ဖြစ်လာစရာမရှိဘူး။ နောက်ပြီးတော့ ရွေးကောက်ပွဲလည်း ကျွန်မကြည့်ရတာ ဖြစ်လာစရာ အကြောင်းမရှိပါဘူး။ တရုတ်က ပြောလာတော့ ကျွန်တော်တို့လည်း ပြောတာပဲလေ မရမှမရဘဲဆိုတဲ့ဟာမျိုးဖြစ်အောင်ပေါ့ဗျာ”လို့ ဆိုပါတယ်။

စစ်ကောင်စီက သြဂုတ်လကုန်ကနေ စက်တင်ဘာလကုန် မနက်အစောပိုင်းအထိ ဂျက်တိုက်လေ ယာဉ်တွေနဲ့ လားရှိုးမြို့ကို ဗုံးကြဲတိုက်ခိုက်မှု ၉ ကြိမ် ပြုလုပ်ခဲ့ပြီး စက်တင်ဘာနှောင်းပိုင်းမှာ မကြာ ခဏ လုပ်ဆောင်ခဲ့တာပါ။

လက်ရှိအချိန်အထိ လားရှိုးမြို့ကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၃ ဦးထက်မနည်း သေဆုံးပြီး ၃၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ MNDAA ရဲ့ အချက်အလက်တွေက ဖော်ပြပါတယ်။

လူထု အသက်အိုးအိမ်စည်းစိမ်ကို လျစ်လျူရှုပြီး လူ့အခွင့်အရေးကို နင်းချေတဲ့ အပြုအမူမျိုးဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို မြှင့်တင်ဖို့ လုပ်ဆောင်နေကြသူတွေရဲ့ ကြိုးပမ်းမှုအားလုံး အလဟဿဖြစ်စေမှာ သေချာတယ်လို့ MNDAA က စစ်ကောင်စီကို သတိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MNDAA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.