ဒူဘိုင်း၊ စက်တင်ဘာ ၃၀

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့က အစ္စရေးရဲ့ တိုက်ခိုက်မှုအတွင်း အီရန် ထောက်ပံ့ထားတဲ့ ဟစ်ဇဘိုလာအဖွဲ့ရဲ့ ခေါင်းဆောင် သေဆုံးသွားပြီးနောက်တစ်ရက် အကြာမှာ ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီ ခါမေနီကို အီရန်နိုင်ငံအတွင်းမှာရှိတဲ့ လုံခြုံတဲ့နေရာဆီ ရွှေ့ပြောင်းထားတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

အီရန်ရဲ့ ဒေသတွင်း လက်နက်အင်အား အကောင်းဆုံးနဲ့ အပြည့်စုံဆုံး မဟာမိတ်ဖြစ်တဲ့ ဟစ်ဇဘိုလာကို အစ္စရေးက အကြိမ်ကြိမ် တိုက်ခိုက်နေချိန်မှာ နိုင်ငံရဲ့ ထိပ်တန်းဆုံးဖြတ်ချက်ချသူကို ဘေးကင်းရာနေရာဆီ ရွှေ့ပြောင်းလိုက်တာက အီရန်အရာရှိတွေရဲ့ ကြောက်ရွံ့မှုကို နောက်ဆုံး ဖော်ပြလိုက်တာ ဖြစ်ပါတယ်။

ဟစ်ဇဘိုလာ တပ်ဖွဲ့ဝင်တွေ အသုံးပြုတဲ့ ပေဂျာနဲ့ စကားပြောစက် တော်တော်များများ ပေါက်ကွဲမှု ဖြစ်ပြီးနောက် အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့က ဆက်သွယ်ရေးစက်တွေ အသုံးမပြုကြဖို့ တပ်ဖွဲ့ဝင် အားလုံးကို ညွှန်ကြားထားပါတယ်။

ပေဂျာတွေနဲ့ လမ်းလျှောက် စကားပြောစက်တွေထဲမှာ ဖောက်ခွဲရေး ပစ္စည်းတွေ တပ်ဆင်ပြီး တိုက်ခိုက်မှုတွေရဲ့ နောက်ကွယ်မှာ အစ္စရေး ပါဝင်နေတယ်လို့ လက်ဘနွန်နဲ့ ဟစ်ဇဘိုလာအဖွဲ့တို့က စွပ်စွဲထားပါတယ်။

အစ္စရေးက သူတို့ ပါဝင်တယ်လို့ အတည်မပြုသလို ငြင်းဆိုထားတာလည်း မရှိပါဘူး။

အဖွဲ့ခေါင်းဆောင် နာဆာရယ်လာ သတ်ဖြတ်ခံရပြီးနောက် ဟစ်ဇဘိုလာနဲ့ တခြားဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေဆီ အီရန်က ဆက်သွယ်ပြီး နောက်ထပ် ဘာခြေလှမ်းလှမ်းမလဲဆိုတာ ဆုံးဖြတ်ဖို့ ပြင်ဆင်နေတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဂါဇာမှာ စစ်ပွဲစတင်ပြီး နောက်ပိုင်း အီရန် အစောင့်တပ်ဖွဲ့ရဲ့ တပ်မှူးတွေ မကြာခဏ သတ်ဖြတ်ခံနေရပြီးနောက် ခေါင်းဆောင်ကြီး ခါမေနီက အာဇာနည်တို့ရဲ့ သွေးအတွက် လက်စားမချေလို့ မဖြစ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

ဟစ်ဇဘိုလာအဖွဲ့ တည်ထောင်ဖို့ ကူညီပေးခဲ့တဲ့ သြဇာကြီးမားသူ အဖွဲ့ခေါင်းဆောင် နာဆာရယ်လာ သေဆုံးမှုဟာ အီရန်အတွက် ကြီးမားတဲ့ ထိုးနှက်ချက် တစ်ခု ဖြစ်ပါတယ်။

အီရန်ဟာ ဒေသတွင်းမှာ ခုခံရေး အင်အားစုတွေဆိုတဲ့ ခေါင်းစဉ်နဲ့ လက်ဘနွန်မှာ ဟစ်ဇဘိုလာ၊ ဂါဇာမှာ ဟားမာ့စ်၊ ယီမင်မှာ ဟူသီ စတဲ့ အဖွဲ့တွေကို ထောက်ပံ့ပေးနေပါတယ်။

ဟစ်ဇဘိုလာအဖွဲ့ အသုံးပြုတဲ့ ဆက်သွယ်ရေး ကိရိယာတွေ ပေါက်ကွဲမှု ဖြစ်ပြီးနောက် အီရန် အစောင့်တပ်ဖွဲ့က သူတို့ရဲ့ ပေဂျာတွေနဲ့ လမ်းလျှောက် စကားပြောစက်တွေ အားလုံးကို စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

ဒီ ဆက်သွယ်ရေးစက်တွေဟာ ပြည်တွင်းထုတ် ပစ္စည်း၊ တရုတ်နဲ့ ရုရှားဆီက ဝယ်ယူထားတဲ့ ပစ္စည်းတွေဖြစ်တယ်လို့ တော်လှန်ရေး အစောင့်တပ်ဖွဲ့ အရာရှိ တစ်ဦးက ပြောပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.