ကျိုက်ထို၊ စက်တင်ဘာ ၃၀

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့အခြေစိုက် စစ်ကောင်စီတပ်ရင်း နှစ်ခုကို ဒီနေ့ စက်တင်ဘာ ၃၀ ရက်နေ့မှာ တပြိုင်နက်တည်း သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူတွေထံက သိရပါတယ်။

သိမ်ဇရပ်မြို့ စစ်ကွင်းကျေးရွာအနီး အခြေစိုက်တဲ့ စစ်ကောင်စီရဲ့ အမှတ် ၃၁၀ အမြောက်တပ်နဲ့ အမှတ် ၂၀၇ ခြေမြန်တပ်ရင်းတို့ကို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တွေ လက်နက်ကြီးအပြင် ဒရုန်းတွေနဲ့ပါ ဗုံးချတိုက်ခိုက်တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် မနက် ၉ နာရီကနေ နေ့လယ် ၁၁ နာရီအချိန်အထိ နှစ်နာရီနီးပါးကြာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးတာတွေ ရှိခဲ့ပါတယ်။

တိုက်ပွဲအတွင်း လက်နက်ကြီး ပြောင်းကွဲမှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ရဲဘော် နှစ်ဦး ကျဆုံးခဲ့ပြီး စစ်ကောင်စီဘက်က ငါးဦး ထက်မနည်း ထိခိုက်သေဆုံးနိုင်တယ်လို့ ဆိုပါတယ်။

တိုက်ပွဲပြီးနောက် တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွာခဲ့ပေမယ့် စစ်ကောင်စီဘက်ကတော့ ညနေ ၃ နာရီအချိန်အထိ ကျေးရွာတွေဘက်ကို လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သိမ်ဇရပ်တိုက်ပွဲနဲ့ ပတ်သက်ပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေဘက်က လက်ရှိအချိန်အထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ်နဲ့ ဘီးလင်းမြို့နယ်အစပ်ရှိ စစ်ကောင်စီရဲ့ သံတံတား စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရတာကြောင့် တိုက်ပွဲပြင်းထန်ခဲ့ပြီး တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးတာတွေ ရှိခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – PDF
ပုံစာ – သိမ်ဇရပ်မြို့လမ်းပိုင်း လုံခြုံရေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ ပိတ်ဆို့စစ်ဆေးစဉ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.