ထားဝယ်၊ အောက်တိုဘာ ၁

စစ်ကောင်စီရဲ့ သန်းခေါင်စာရင်း ကောက်ယူမှုကို ပြည်သူလူထုတွေအနေနဲ့ လိုက်ပါဆောင်ရွက်ခြင်းမရှိဘဲ ဝိုင်းဝန်းဆန့်ကျင်ကြဖို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ DDM SC က တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံအနှံ့ရှိ ပြည်သူတွေဟာ စစ်ဘေးဒဏ်နဲ့ ရေဘေးတွေကြောင့် ဒုက္ခရောက်နေချိန် စစ်ကောင်စီက အောက်တိုဘာ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်လုံးကျွတ် သန်းခေါင်းစာရင်း ကောက်ယူဖို့ ပြင်ဆင်ထားပါတယ်။

စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကို ငြင်းဆန်ကြဖို့နဲ့ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်တဲ့ သပိတ်လှုပ်ရှားမှုတွေကို ထားဝယ်ခရိုင် ဒီမိုကရေစီ သပိတ်လှုပ်ရှားမှုကော်မတီ ဦးဆောင်ပြီး ဆက် တိုက်ဆိုသလို ပြုလုပ်နေတာပါ။

ထားဝယ်ခရိုင် သပိတ်ကော်မတီ ပြန်ကြားရေး တာဝန်ခံကတော့ စစ်ကောင်စီဟာ သူတို့ထိန်းချုပ်ထားနိုင်တဲ့ ထားဝယ်ခရိုင်အတွင်းက မြို့ပေါ်လောက်သာ သန်းခေါင်စာရင်း ကောက်ယူနိုင်မှာ ဖြစ်ပေမယ့် ကျေးရွာတွေမှာ ကောက်ယူနိုင်မှာ မဟုတ်ဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“သူတို့ ထိန်းချုပ်ထားတဲ့ ဧရိယာက လူတွေက ထားဝယ်မှာဆို ထားဝယ်မြို့ပေါ်က ပြည်သူတွေပေါ့နော်။ သူတို့ကဒါမလွှဲသာတဲ့ အခြေအနေပေါ့။ စာရင်းလာကောက်လို့ရှိရင် သူတို့ကစာရင်းပေးလိုက်ရမယ်ပေါ့နော်။ ဒါကကျွန်တော်တို့ နားလည်ပြီးသား စစ်ကောင်စီမှာ ပူးပေါင်းပါဝင်ပေးတာ မဟုတ်ဘူး သူတို့ကမလွှဲသာတဲ့ အခြေအနေနဲ့ သူတို့လက်ဖဝါးထဲက ရေဖြစ်နေတာပေါ့။ ဒါပေမယ့် သူတို့ မထိန်းချုပ်နိုင်တဲ့ နေရာတွေပေါ့နော်။ ရွာတွေဘက်မှာဆိုရင် သူတို့ ငြင်းဆန်လို့ရတဲ့အနေအထား ငြင်းဆန်လို့ ရတယ်ဆိုတာထက် သူတို့ လာကောက်လို့မရဘူး” လို့ ဆိုပါတယ်။

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြို့ပေါ်ဧရိယာတွေမှာ သန်းခေါင်စာရင်းကောက်ယူဖို့အတွက် ကျောင်းဆရာ ဆရာမတွေကို သင်တန်းပေးတာတွေ လုပ်ဆောင်နေပြီး တချို့မြို့နယ်တွေမှာတော့ သန်းခေါင်စာရင်းကောက်ယူရာမှာ ဖြည့်စွက်ရမယ့် စာရွက်စာတမ်းတွေကို အိမ်တိုင်ရာရောက် လိုက်လံပေးပို့တာတွေ ရှိနေတယ်လို့ သူကဆက်ပြောပါတယ်။

ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ DDT ကလည်း ပြည်သူ့ဆန္ဒမပါဘဲ စစ်ကောင်စီမှ ဦးစီးကျင်း ပမယ့် အတုအယောင် ရွေးကောက်ပွဲ ဖြစ်မြောက်ရေးကို စစ်ကောင်စီအလိုကျ သန်းခေါင်စာရင်း လိုက်လံ ကောက်ယူပေးသူတွေကို ထိရောက်စွာ အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

သန်းခေါင်စာရင်းကောက်ယူပြီး အဲဒီကနေ ရရှိလာတဲ့ လူဦးရေဆိုင်ရာ အချက်အလက်တွေကို အ ခြေခံပြီး စစ်ခေါင်းဆောင်ဟာ သူအာဏာတည်မြဲရေးအတွက် စိတ်တိုင်းကျ ပုံဖော်နိုင်မယ့် ရွေး ကောက်ပွဲကို ပြုလုပ်ဖို့ စီစဉ်နေတာပါ။

စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေးအဋိပက္ခတွေကို ဖြေရှင်းပးနိုင်မှာမဟုတ်ဘဲ စစ်အုပ်စုရဲ့ နိုင်ငံရေးထွက်ပေါက်တစ်ခုအဖြစ် အသုံးချမယ့် ဟန်ပြ ရွေး ကောက်ပွဲတစ်ခုသာ ဖြစ်တယ်လို့ DDMSC က ဆိုပါတယ်။

ဒါကြောင့် စစ်ကောင်စီရဲ့ မတရားအာဏာ ရယူထားနိုင်မှုကို သက်ဆိုးရှည်ဖို့ အထောက်အကူပြုနိုင်မယ့် သန်းခေါင်စာရင်းကောက်ယူရေးနဲ့ ရွေးကောက်ပွဲတို့ကို အခွင့်သာတဲ့ ပြည်သူတွေအနေနဲ့ တတ်နိုင်သမျှ နည်းလမ်းတွေနဲ့ ဆန့်ကျင်ကြဖို့ တိုက်တွန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-ထားဝယ်သပိတ်ကော်မတီ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.