ရေဖြူ၊ စက်တင်ဘာ ၃၀

တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရေဖြူမြို့နယ် ဂန့်ဂေါ်တောင်ကျေးရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ရေဖြူမြို့နယ် ဝေဟင်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက် ည ၇ နာရီခွဲအချိန်ခန့်မှာ ဂန့်ဂေါ်တောင်ကျေးရွာနေ အသက် ၆၀ ဝန်းကျင်အရွယ် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးတင်မြင့်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ်ရှင်းလင်းခဲ့တာပါ။

ဦးတင်မြင့်ဟာ စစ်ကောင်စီတပ်သားတွေကို လမ်းပြပြုလုပ်ပေးတာ၊ ဖုန်းနဲ့သတင်းပေးပို့တာ၊ လူကိုယ်တိုင် သွားရောက် သတင်းပေးတာနဲ့ အိမ်ထောင်စုစာရင်းတွေ စစ်ဆေးပြီး လူမတွေ့လျှင် စစ်ကောင်စီအား သတင်းပေးပို့တာအပြင် ရွာသားတွေအပေါ် ငွေကြေးရယူမှုတွေကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ပြည်သူတွေကို ဒုက္ခပေးနေတဲ့ စစ်ကောင်စီ ဒေါက်တိုင်နဲ့ သတင်းပေးတွေကို အမြဲစောင့်ကြည့်နေပြီး ရှင်းလင်းသွားမယ်လို့ သတိပေးထားပါတယ်။

ဒီပစ်ခတ်ရှင်းလင်းမှုကို ဒေါနတပ်ခွဲ ၆ (ဝေဟင်တပ်ဖွဲ့) နဲ့ ဒေါနတပ်ခွဲ ၇ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ပတ်ဝန်းကျင်က ရွာသားတွေနဲ့ လုံးဝ သက်ဆိုင်မှု မရှိဘူးလို့ အသိပေးထားပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း တနင်္သာရီတိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဒလန်ရှင်းလင်းမှုနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် သေဆုံးသူ ၈ ဦးရှိခဲ့တယ်လို့ ဒေသတွင်း သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Thainitharyi ရဲ့ အစီရင်ခံစာအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.