ရှန်ဟိုင်း၊ စက်တင်ဘာ ၃၀

ဖိလစ်ပိုင်မှာ အမေရိကန်က တာလတ်ပစ် ဒုံးကျည်ချထားမှုကြောင့် ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို အားလျော့စေတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောကြားခဲ့ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၉ ရက်မှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်က နယူးယောက်မြို့မှာ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုတေးယူလ်နဲ့ ဆွေးနွေးချိန် ဝန်ကြီး ဝမ်ယိက ကိုရီးယားကျွန်ဆွယ်မှာ စစ်ပွဲနဲ့ ဝရုန်းသုန်းကား အခြေအနေတွေ မဖြစ်အောင် ရှောင်ရှားကြဖို့ တိုက်တွန်း ပြောဆိုခဲ့တာပါ။

တရုတ်မှာရှိတဲ့ ပစ်မှတ်တွေကို တိုက်ခိုက်နိုင်တဲ့ ခရုဇ်ဒုံးကျည်တွေ တပ်ဆင်ထားတဲ့ Typhon ဒုံးကျည်စနစ်ကို အမေရိကန်က အခုနှစ်အတွင်း ဖိလစ်ပိုင်မှာ ချထားဖို့ ရှိနေပါတယ်။

အဲဒီ ဒုံးကျည်စနစ်ကို ဖယ်ရှားပေးဖို့ တရုတ်က တောင်းဆိုထားပြီး အင်ဒို-ပစိဖိတ်ဒေသမှာ ဒုံးကျည်စနစ် ပထမဆုံး ချထားမှုအပေါ် ပြစ်တင် ရှုတ်ချရာမှာ ရုရှားလည်း ပါဝင်လာပြီး ဝါရှင်တန်ရဲ့ လုပ်ရပ်ကြောင့် လက်နက်ပြိုင်ဆိုင်မှု ဖြစ်ပေါ်လာတယ်လို့ စွပ်စွဲထားပါတယ်။

အမေရိကန်ရဲ့ ဒုံးကျည်စနစ် ချထားမှုဟာ ဒေသတွင်း နိုင်ငံတွေရဲ့ အကျိုးစီးပွားအတွက် မဟုတ်ဘူးလို့ ဝန်ကြီး ဝမ်ယိက ပြောပါတယ်။

တရုတ်က သူတို့ အပိုင် နယ်နိမိတ် ဖြစ်တယ်လို့ ပြောထားတဲ့ ထိုင်ဝမ်ရဲ့ တောင်ဖက် အိမ်နီးချင်း ဖိလစ်ပိုင်ဟာ အာရှမှာ အမေရိကန်ရဲ့ မဟာဗျူဟာအတွက် အရေးကြီးတဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်ပါတယ်။

ထိုင်ဝမ်ကို တရုတ်က တိုက်ခိုက်လာရင် ဖိလစ်ပိုင်ဟာ အမေရိကန် စစ်တပ်အတွက် တုံ့ပြန် တားဆီးရေး အခြေစိုက်နေရာ ဖြစ်လာနိုင်ပါတယ်။

တရုတ်နဲ့ဖိလစ်ပိုင်တို့ဟာ တောင်တရုတ်ပင်လယ်မှာ ထိပ်တိုက်တွေ့မှုတွေ ပိုများလာချိန် အမေရိကန်က နှစ်နိုင်ငံ စစ်ရေးလေ့ကျင့်မှုအတွက် ဖိလစ်ပိုင်မှာ ဒုံးကျည်စနစ် ချထားခဲ့တာ ဖြစ်ပြီး ပြန်လည် သိမ်းယူဖို့ အချိန် ဆိုင်းငံ့ထားတာ ဖြစ်ပါတယ်။

တောင်တရုတ်ပင်လယ် တစ်ခုလုံးနီးပါးကို တရုတ်က သူတို့ ပိုင်တယ်လို့ ပြောဆိုထားပြီး အဲဒီလို ပြောဆိုမှုဟာ တရားမဝင်ဘူးလို့ နိုင်ငံတကာ အငြင်းပွားမှု ဖြေရှင်းရေး တရားရုံးက ဆုံးဖြတ်ထားပေမယ့် တရုတ်က ပယ်ချထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.