မကွေး စက်တင်ဘာ ၃၀

မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ အောက်တိုဘာလဆန်းက စလို့ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတွေ ဦးဆောင်ပြီး ရပ်ကွက်နဲ့ ကျေးရွာအလိုက် သန်းခေါင်စာရင်းကောက်မယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြုလုပ်မယ်လို့ဆိုတဲ့ သန်းခေါင်စာရင်းကောက်ဖို့အတွက် သင်တန်းတက်ထားသူတွေက ဒေသကာကွယ်ရေးအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်ကြောင့် သန်းခေါင်စာရင်းစာအုပ်တွေ ပြန်အပ်ခဲ့ကြတယ်လို့ သိရပါတယ်။

“အသက်နဲ့ရင်းရမယ့်ကိစ္စမျိုး ဖြစ်တာကြောင့် ပြန်အပ်ခဲ့တယ်လို့ သိရတယ်။ ကိုယ့်အသိထဲကကို ခြောက်ယောက်၊ ခုနှစ်ယောက်ရှိတယ်။ ဒါတခြားရွာကသူတွေ မပါသေးဘူး” လို့ ပွင့်ဖြူမြို့နယ် ဒေသခံတစ်ဦးကသံလွင်တိုင်းမ်ကို ပြောပါတယ်။

ပွင့်ဖြူမြို့နယ်ထဲက ပျူစောထီးကျေးရွာတွေကတော့ သန်းခေါင်စာရင်းကို အောက်တိုဘာ ၁ ရက်ကနေ ၃ ရက်အထိကောက်ယူမှာ ဖြစ်ကြောင်း ကြေညာထားတယ်လို့ သိရပါတယ်။

စစ်ကောင်စီက ကျောင်းဆရာ၊ဆရာမတွေနဲ့ ထွေအုပ်ရုံး ဝန်ထမ်းတွေကို စက်တင်ဘာလ နောက်ဆုံးပတ်မှာ လေးရက်တာသင်တန်း ပေးခဲ့တာပါ။

သန်းခေါင်စာရင်း ကောက်ယူရမယ့် အချက်အလက်မှာ ၆၀ ကျော်ပါဝင်ပြီး သင်တန်းတက်ထားသူတွေက တာဝန်ခံ မကောက်နိုင်တော့တာကြောင့် ပျူစောထီးတွေက ကောက်ယူမှာဖြစ်တယ်လို့သိရပါတယ်။

ကာကွယ်ရေးအဖွဲ့တွေနဲ့ နီးစပ်သူတွေကတော့ ပျူစောထီးတွေ လုံခြုံရေးယူပြီးကောက်မလား၊ ပျူစောထီးတွေ ကိုယ်တိုင်ကောက်မလားဆိုတာကို စောင့်ကြည့်ရဦးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

သန်းခေါင်စာရင်းစာအုပ် ပြန်အပ်ခဲ့တဲ့ သင်တန်းတက်ထားသူတွေကိုတော့ စစ်ကောင်စီဘက်က တစ်စုံတရာ တုံ့ပြန်တာမျိုးမတွေ့ရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်မှာ ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က စစ်ကောင်စီက ပြုလုပ်မယ့် သန်းခေါင်စာရင်း ကောက်ယူမှုကို လုံးဝလက်မခံဘဲ ထိရောက်စွာ အရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.