ကျိုက်ထို၊ စက်တင်ဘာ ၃၀
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ဝင်းကံနဲ့ကျောက်ရေတွင်း ကျေးရွာကြားရှိ အောင်သပြေ ရော်ဘာခြံမှာ တိုက်ပွဲလက်ကျန် လက်နက်ကြီး ပေါက်ကွဲမှုကြောင့် ကလေးငယ် တစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်နေ့က ရော်ဘာခြံနေထိုင်တဲ့ အသက် ၁၃ နှစ်အရွယ် မောင်ပြည့်ဖြိုးအောင်ဟာ လမ်းကနေ ကောက်ယူလာတဲ့ လက်နက်ကြီး ၄၀ မမ တစ်လုံးကို တူနဲ့ထုကြည့်ရာကနေ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။
လက်နက်ကြီး ပေါက်ကွဲမှုကြောင့် မောင်ပြည့်ဖြိုးအောင်ဟာ မျက်နှာနဲ့ ခြေလက်တွေမှာ ပြင်းထန်ဒဏ်ရာရရှိပြီး အခင်းဖြစ်ရာ နေရာမှာပဲ သေဆုံးခဲ့ပါတယ်။
တိုက်ပွဲလက်ကျန် လက်နက်ကြီး ပေါက်ကွဲခဲ့တဲ့ အဲဒီဒေသဟာ စစ်ကောင်စီတပ်အပြင် တော်လှန်ရေးအင်အားစုတွေလည်း စစ်ရေးလှုပ်ရှားတာ ရှိနေပြီး ဒီလက်နက်ကြီးဟာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ် ခရွဲကျေးရွာထဲ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား နှစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံ သိရပါတယ်။
လဂွန်းအိမ်စာစဉ်ရဲ့ အစီရင်ခံစာအရ မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ မြေမြှုပ်မိုင်းကြောင့် အရပ်သား ၁၂ ဦး သေဆုံးပြီး ၂၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media