ကမမောင်း၊ အောက်တိုဘာ ၁

ကရင်ပြည်နယ် ဖာပွန်ခရိုင် ကမမောင်းမြို့မှာ ဒေသခံလူငယ်အမျိုးသားတွေကို စစ်မှုထမ်းဆောင်ဖို့အတွက် စစ်ကောင်စီနဲ့ BGF တို့က အတင်းအကျပ် စာရင်းလိုက်လံကောက်ယူနေတယ်လို့ KNU တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ် BGF ဟာ သူတို့စိုးမိုးထိန်းချုပ်နေတဲ့ ကမမောင်းမြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာတချို့မှာ စက်တင်ဘာလအစောပိုင်းရက်ကစပြီး ဒေသခံလူငယ်အမျိုးသားတွေကို စစ်မှုထမ်းဖို့အတွက်ဆိုပြီး စာရင်းကောက်ယူမှုပြုလုပ်နေတာပါ။

စစ်မှုထမ်းဖို့ စာရင်းလိုက်လံကောက်ယူရာမှာ BGF တပ်က အဓိက လုပ်ဆောင်ပေးနေပြီး အမည်စာရင်းပါရှိသူတွေကို အတင်းအကျပ်ခေါ်ဆောင်ကာ BGF တပ်စခန်းတွေမှာ စစ်သင်တန်းပေးတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

စစ်မှုထမ်းဖို့ ရပ်ကွက်ကျေးရွာအုပ်စု တစ်စုလျှင် လူအယောက် ၃၀ အမည်စာရင်း ပေးရပြီး လက်ရှိမှာတော့ စစ်မှုမထမ်းလိုသူ ဒေသခံလူငယ်တွေ တိမ်းရှောင်ထွက်ပြေးနေတာတွေ ရှိတယ်လို့လည်း ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ကမမောင်းမြို့မှာ ပြည်သူ့လုံခြုံရေး ဖွဲ့စည်းဖို့ဆိုပြီး အသက် ၃၀ ကျော်ကနေ အသက် ၆၀ ကျော်အရွယ်ရှိ အမျိုးသားတွေကို BGF အကူအညီနဲ့ နာမည်စာရင်းကောက်ယူတာတွေ လုပ်ဆောင်နေပါတယ်။

တဖက်မှာတော့ စစ်ကောင်စီတပ်ဟာ ကမမောင်း၊ ကတိုင်တိဒေသဘက်ကိုလည်း BGF တပ်နဲ့အတူ တပ် အင်အား တိုးချဲ့ပြီး စစ်ရေးလှုပ်ရှားလာတဲ့အတွက် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေနဲ့ ထိတွေ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.