မော်လမြိုင် ၊ စက်တင်ဘာ ၂၈

ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေကို စစ်ကောင်စီရဲ့ အပေါင်းအပါတွေအဖြစ်သတ်မှတ်ကာ ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်တိုက်ဖျက်ရေးကော်မတီက စက်တင်ဘာ ၂၇ ရက်နေ့မှာ ကြေညာပါတယ်။

စစ်ကောင်စီက ကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင်တိုက်ဖျက်သွားဖို့ မွန်ပြည်ဖက်ဒရယ်ကောင်စီက အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်တိုက်ဖျက်ရေးကော်မတီကို စက်တင်ဘာ ၁၇ ရက်နေ့မှာ အဖွဲ့ဝင် ၇ ဦး နဲ့ ဖွဲ့စည်းခဲ့တာပါ။

ကော်မတီရဲ့ ရပ်တည်ချက်အရ လူထုရဲ့ တော်လှန်ရေးဟာ အရှိန်အဟုန်နဲ့ အောင်ပွဲဆင်နေပြီး မြို့ သိမ်း တိုက်ပွဲတွေကိုပါ ဖော်ဆောင်လာနိုင်တဲ့ အခြေအနေမှာ စစ်ကောင်စီက လူထုတစ်ရပ်လုံးရဲ့ ဆန့်ကျင်မှုကို ခံနေရပြီး စစ်ရေး၊နိုင်ငံရေး၊စီးပွားရေးစတာတွေ အဘက်ဘက်က ကျရှုံးနေတာလို့ ဆိုပါတယ်။

အဲဒီလို ကျရှုံးမှုတွေကို တုံ့ပြန်နိုင်ဖို့ စစ်ကောင်စီက သူတို့ရဲ့ နိုင်ငံရေးထွက်ပေါက်တစ်ခုအနေနဲ့ ရွေး ကောက်ပွဲ ကို ကျင်းပဖို့ ပြင်ဆင်လာခဲ့တာလို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ အတုအယောင်ရွေး ကောက်ပွဲ ဆန့်ကျင်တိုက်ဖျက်ရေးကော်မတီက ပြောပါတယ်။

စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲဟာ အတုအယောင်မျှသာဖြစ်လို့ သူတို့ရဲ့ လူမဆန်တဲ့ စစ်ရာဇဝတ်မှုတွေကို ဖျောက်ဖျက်ကာ နိုင်ငံရေးထွက်ပေါက်တခုအဖြစ် အသုံးချပြီး နိုင်ငံရေးမှာ ဆက် လက်နေရာရရှိဖို့ အားထုတ်ခြင်းမျှသာဖြစ်တယ်လို့ ထောက်ပြပါတယ်။

ဒါကြောင့် စစ်ကောင်စီကနေ ကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲကို မိမိတို့အနေနဲ့ နည်းလမ်းမျိုးစုံနဲ့ ဆန့်ကျင်တိုက်ဖျက်သွားမှာဖြစ်ပြီး ဝင်ပြိုင်မယ့် နိုင်ငံရေးပါတီတွေကို စစ်ကောင်စီရဲ့ အပေါင်းအပါတွေအဖြစ် သတ်မှတ်ကာ ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့ သတိပေးလာတာပါ။

မွန်ပြည်ဖက်ဒရယ်ကောင်စီ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်တိုက်ဖျက်ရေးကော်မတီရဲ့ အဖွဲ့ခေါင်းဆောင် ဒေါက်တာ သီရီမွန်ချမ်းက အရေးယူတဲ့နေရာမှာ လိုအပ်သလို စစ်ရေးအရပါ အရေး ယူသွားမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အရေးယူတဲ့နေရာမှာ လိုအပ်ရင် လိုအပ်သလို စစ်ရေးအရပါ အရေးယူသွားဖို့ ဆိုလိုတာပါ။ ဒါကြောင့်မို့ ပထမအဆင့်အနေနဲ့ နိုင်ငံရေး လူမှုရေးအရ သတိပေးတာ တားမြစ်တာတွေ ရှိမယ်။သတိပေးတာ တားမြစ်တာတွေကို လျစ်လျူရှုမလိုက်နာရင် စစ်‌ရေးနဲ့ ဆိုင်တဲ့ နည်းလမ်းမျိုးစုံနဲ့ ပြတ်ပြတ်သားသား အရေးယူသွားဖို့ကို ဆိုလိုတာပါ”လို့ ဆိုပါတယ်။

စစ်အာဏာရှင်စနစ်နဲ့ အာဏာရှင်စနစ်အမျိုးမျိုး သက်ဆိုးရှည်စေရေး အတုအယောင်ရွေးကောက် ပွဲကို အားပေးတဲ့ ဘယ်နိုင်ငံရေးအဖွဲ့အစည်းဖြစ်ဖြစ် ဘယ်တိုင်းရင်းသားအဖွဲ့အစည်းဖြစ်ဖြစ် ပြတ် ပြတ်သားသား အရေးယူတိုက်ဖျက်သွားမယ်လို့ သူကဆက်ပြောပါတယ်။

မွန်ပြည်နယ်မှာတော့ စစ်တပ်ကျောထောက်နောက်ခံပေးထားတဲ့ ကြံ့ခိုင်ရေးပါတီအပါအဝင် အမျိုး သမီးပါတီ (မွန်) နဲ့ မွန်ညီညွတ်ရေးပါတီတို့ဟာ ပြည်ထောင်စုတဝန်းနဲ့ ပြည်နယ်အဆင့် စည်းရုံးမယ့် နိုင်ငံရေးပါတီတွေအဖြစ် စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့်ပြုထားတာပါ။

သံလွင်တိုင်းမ်အနေနဲ့ ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် ပါတီတွေကို ဆန့်ကျင်တိုက်ဖျက်သွားမယ်ဆိုတဲ့ ကြေညာချက်နဲ့ပတ်သက်ပြီး ပြည်နယ်အခြေစိုက် မွန်ညီညွတ်ရေးပါတီ ပြောခွင့်ရသူထံ လေးကြိမ်ထက်မနည်း ဖုန်းခေါ် ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

ကော်မတီရဲ့ ကြေညာချက်မှာတော့ ပြည်သူလူထုအနေနဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ငန်းတွေ မိမိတို့မျိုးဆက်မှသာ ရပ်တန့်သွားဖို့ သူတို့ ကြိုးပမ်းဖော်ဆောင်နေတဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့အနေနဲ့ နိုင်ငံရေး ထွက်ပေါက်မပေးဖို့ ဖော်ပြပါတယ်။

နိုင်ငံတကာအနေနဲ့လည်း စစ်ကောင်စီကပြုလုပ်မယ့် ရွေးကောက်ပွဲကို အသိအမှတ်မပြုဘဲ နည်းပညာ၊ ငွေကြေးအစရှိတဲ့ ဘယ်လိုကူညီမှုမျိုးကိုမှ မပြုလုပ်ဖို့ကိုလည်း MSFC ရဲ့ ရွေးကောက်ပွဲတိုက်ဖျက်ရေးကော်မတီက အလေးအနက်တိုက်တွန်းထားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MSFC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.