တနင်္သာရီ၊ စက်တင်ဘာ ၂၈
တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် သိန္ဓောကျေးရွာမှာ နှစ်ပေါင်း ၄၀ ကျော်ကြာ တပ်စွဲခဲ့တဲ့ သိန္ဓောစခန်းကို စစ်ကောင်စီတပ် စွန့်ခွာသွားတယ်လို့ မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၂ က စက်တင်ဘာ ၂၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
သိန္ဓောစခန်းဟာ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေ ၅ လနီးပါးကြာ ပိတ်ဆို့တိုက်ခိုက်ခဲ့တဲ့ စခန်းတစ်ခုဖြစ်ပြီး စက်တင်ဘာ ၂၅ ရက်နေ့မှာ စစ်ကောင်စီတပ်က စခန်းစွန့်ခွာသွားတာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စွန့်ခွာသွားတဲ့ သိန္ဓောစခန်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်ရှင်းလင်းစဉ် စခန်းအတွင်းကနေ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၂ က ပြန်ကြားရေး တာဝန်ခံက သိန္ဓောစခန်း စွန့်ခွာမှုဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဝန်းရံပိတ်ဆို့ထားမှုကို တောင့်မခံနိုင်တော့တာကြောင့်လို့ ဆိုပါတယ်။
သိန္ဓောစခန်းကို ၁၉၈၀ ခုနှစ်မှာ စစ်ကောင်စီတပ် စတင်တပ်စွဲခဲ့တာဖြစ်ပြီး အဲဒီစခန်းဟာ ထိုင်း-မြန်မာနယ်စပ်ရှိ ဝါးနွယ်စခန်း၊လေကေစခန်းနဲ့ ပွိုင့် ၃၀၀၀ စခန်းတို့ကို အဓိကအုပ်ချုပ်နေတဲ့ ရှေ့ တန်းစခန်းဖြစ်တယ်လို့ သိရပါတယ်။
သိန္ဓောစခန်းကနေ ဆုတ်ခွာလာတဲ့ အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တန င်္သာရီ မြို့နယ် ဘန်ကြုပ်ကျေးရွာအနီး အခြေချတပ်စွဲထားတဲ့အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားတာတွေ ရှိနေပါတယ်။
သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ အာဏာသိမ်းကာလအတွင်း တနင်္သာရီ တိုင်းမှာ စစ်ကောင်စီတပ်စခန်း ၁၅ ခုထက်မနည်း လက်လွှတ်ဆုံးရှုံးထားရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ- မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၂