လောင်းလုံး၊ စက်တင်ဘာ ၂၈

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် မောင်းမကန်ရွာသားသုံးဦးကို စစ်ကောင်စီတပ် ဖမ်းဆီးသတ် ဖြတ်ပြီးနောက် ရေတွင်းထဲပစ်ချသွားခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရတဲ့ ရွာသား သုံးဦးရဲ့ ရုပ်အလောင်းကို ၁၆ ရက်အကြာ စက်တင်ဘာ ၂၇ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲသွားတဲ့ မောင်းမကန်ရဲစခန်းအနီးရှိ ရေတွင်းတစ်ခုထဲမှာ ပြန်လည်တွေ့ရှိခဲ့တာပါ။

အလောင်းတွေပြန်လည်တွေ့ရှိစဉ် လက်ပြန်ကြိုးတုပ်ထားတာ၊ ရိုက်နှက်နှိပ်စက်သတ်ဖြတ်ခံရပြီး ပုပ်ပွသေဆုံးနေတာ ဖြစ်ပါတယ်။

ဖမ်းဆီးသတ်ဖြတ်ခံရသူတွေဟာ မောင်းမကန်ရွာသား ကိုကမ်းကမ်း၊ ကိုမျိုးနဲ့ ကိုပေါ်ထွန်းတို့ ဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်နေ့က ကိုကမ်းကမ်းတို့အပါအဝင် မောင်းမကန်ရွာသား ၁၀ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နဲ့ ပတ်သက်မှု ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးသွားခဲ့တာပါ။

အဲဒီနောက် ရွာသားခုနှစ်ဦးကို ဖမ်းဆီးပြီး ၃ ရက်အကြာမှာ ပြန်လွှတ်ပေးခဲ့ပေမယ့် ကိုကမ်းကမ်းအပါအဝင် ရွာသားသုံးဦးကိုတော့ သတ်ဖြတ်သွားခဲ့တာပါ။

ဒေသတွင်းသုတေသနအဖွဲ့ဖြစ်တဲ့ FE5 Tanintharyi ရဲ့ ပြီးခဲ့တဲ့ သြဂုတ်လအတွင်း တနင်္သာရီတိုင်းမှာ စစ်ကောင်စီတပ်ရဲ့ သတ်ဖြတ်မှုကြောင့် အရပ်သား ၁၉ ဦး သေဆုံးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-DMSC-Dawei

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.